ရန်ကုန်မြို့တွင်း ခြောက်မြို့နယ်ရှိ စွန့်ပစ်မိလ္လာပိုက်လိုင်းများ အဆင့်မြှင့်တင်ရန် ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ (JICA) ဖြင့်ပူးပေါင်း၍ စီမံချက်ရေးဆွဲနေပြီး ဂျပန်ယန်းငွေ ၅၀၀ ဘီလီယံခန့် ကုန်ကျနိုင်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၊ရေနှင့်သန့်ရှင်းမှုဌာန၊ အကြီးတန်း တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
“မြို့တွင်း ခြောက်မြို့နယ်ရဲ့ မိလ္လာပိုက်လိုင်းစနစ်က နှစ်ကာလအားဖြင့် အရမ်းကြာနေပြီ။ ဒါတွေ ပြန်စစ်ဆေးပြီးတော့ အဆင့်မြှင့်ဖို့ Master Plan ရေးဆွဲပြီးပြီ။ မကြာခင် JICA နဲ့ ချေးငွေနဲ့ပတ်သက် ပြီးတော့ သဘောတူစာချုပ် ချုပ်မယ်”ဟု ၎င်းကဆိုသည်။
အဆိုပါ ချေးငွေ သဘောတူစာချုပ် ချုပ်ပြီးပါက နိုင်ငံတကာအဆင့် ကန်ထရိုက်တာများကို တင်ဒါခေါ်ယူမည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။
ယင်းမိလ္လာပိုက်လိုင်း အဆင့်မြှင့်တင်ရေးအတွက် ၂၀၂၁ ခုနှစ်၌ လုပ်ငန်းစတင်ရန်ခန့်မှန်းထားပြီး ၂၀၂ ၈ ခုနှစ်တွင်ပြီးစီးရန် မျှော်မှန်းထားကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီထံမှ သိရသည်။
ရန်ကုန်မြို့တွင်း၌ ရေဆိုးစွန့်ပစ်မှုနှင့် မိလ္လာစီမံခန့်ခွဲစနစ်ကို နှစ်ပေါင်း ၁၃၀ ခန့်မှစ၍ တည်ဆောက်အသုံးပြုခဲ့ခြင်းဖြစ်ပြီး ယခင်က လူဦးရေ နည်းစဉ်က မစင်နှင့်အညစ်အကြေး စွန့်ထုတ်မှုမှာ မသိသာခဲ့သော်လည်း လက်ရှိတွင် ပင်မ မိလ္လာပိုက်လိုင်းမှာ နှစ်ကာလ တိုက်စားမှုကြောင့် မဖြစ်မနေ ပြုပြင်ထိန်းသိမ်းရန် လိုအပ်လာခြင်းဖြစ်ကြောင်း မြို့ပြစီမံကိန်းပညာရှင်တစ်ဦးက သုံးသပ်ပြောဆိုသည်။
“မိလ္လာပိုက်လိုင်းတွေက ခေတ်အဆက်ဆက်က မပြုပြင်ခဲ့တော့ အဲ့ဒီအကျိုးဆက်ဒဏ်ခံရတာပေါ့။ ဘာပဲဖြစ်ဖြစ် စည်ပင်က ရေရှည်စီမံချက်နဲ့ JICA နဲ့ ပေါင်းလုပ်မယ်ဆိုတော့ ကောင်းပါတယ်”ဟု ၎င်းက ဆိုသည်။
လက်ရှိ မြို့တွင်း ခြောက်မြို့နယ်၌ မိလ္လာကန်နှင့် မိလ္လာတွင်း ထောင်ချီရှိပြီး စွန့်ထုတ်လိုက်သော မိလ္လာ အနည် အနှစ်များ မိလ္လာပိုက်လိုင်းလမ်းကြောင်းမှတစ်ဆင့် သန်လျက်စွန်း ရေဆိုးသန့်စင်စက်ရုံသို့ ရောက်ရှိရန် ဗိုလ်တထောင်နှင့် လမ်းမတော်ရှိ လေမှုတ်စက်ရုံနှစ်ခု၏လေဖိအားဖြင့် တွန်းပို့၍ဆောင်ရွက်နေကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီထံမှသိရသည်။
The Voice
0 comments:
Post a Comment