ပြည်ပသို့ ရွှေတုံးတင်ပို့ရာတွင် ကုန်သွယ်လုပ်ငန်းခွန် ကင်းလွတ်ခွင့်ပေးမည်ဖြစ်ပြီး ကြိုတင်ဝင်ငွေခွန် ၂ ရာခိုင်နှုန်းသာ ပေးဆောင်ရမည်ဖြစ်ကြောင်း ပြည်တွင်း အခွန်များဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမင်းထွဋ်က ပြောကြားသည်။
သို့သော် ရွှေအချောထည် လက်ဝတ်ရတနာ တင်ပို့ခြင်းအတွက်မူ ကုန်သွယ်လုပ်ငန်းခွန် ၁ ရာခိုင်နှုန်းနှင့် ကြိုတင်ဝင်ငွေခွန် ၂ ရာခိုင်နှုန်း ပေးဆောင်ရမည်ဖြစ်ကြောင်း ၎င်းကပြောဆိုသည်။
ရွှေတင်ပို့မှုတွင် ကောက်ခံသည့် အခွန်နှုန်းထားကို ယခုလအတွင်း ဖြေလျှော့ပေးလိုက်သော်လည်း ဗဟိုဘဏ်၏ ခွင့်ပြုချက် မရသေးသောကြောင့် ရွှေတင်ပို့နိုင်ခြင်း မရှိသေးကြောင်း ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦးမျိုးမြင့်က ပြောကြားသည်။
“အသင်းကိုတော့ စာနဲ့အကြောင်း မကြားသေးပေမယ့် အခွန်ရုံးက အရာရှိ တစ်ဦးကိုမေးတော့ ကုန်သွယ်လုပ်ငန်းခွန်က ဖရီးဖြစ်တယ်ပြောတယ်။ အခွန်ကိစ္စက နှစ်ခုပေါင်းဆိုရင်များတော့ လျှော့ပေးဖို့ကို ရွှေအသင်းအနေနဲ့တင်ပြထားတာရှိတယ်။ အခုက ဖြေလျှော့ပေးလိုက်တဲ့သဘောပါ” ဟု ၎င်းကပြောဆိုသည်။
ကုန်သွယ်လုပ်ငန်းခွန်ကင်းလွတ်ခြင်း သည် ရွှေတုံးတင်ပို့မှုအတွက်သာဖြစ်ပြီး ရွှေတင်သွင်းလိုပါက ကြိုတင်ဝင်ငွေခွန် ၂ ရာခိုင်နှုန်းနှင့် ကုန်သွယ်လုပ်ငန်းခွန် ၁၅ ရာခိုင်နှုန်း ပေးဆောင်ရမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များ အသင်းထံမှ သိရသည်။
ရွှေတင်ပို့၊ တင်သွင်းခြင်းလိုင်စင်မရှိ ခြင်းကြောင့် နိုင်ငံတကာရွှေပြပွဲများတွင် ပစ္စည်းသာပြသနေရပြီး ရောင်းချနိုင်ခြင်း မရှိသေးကြောင်း ရွှေလုပ်ငန်းရှင်များက ပြောဆိုကြသည်။
ပြည်တွင်းရွှေကို အဓိကထားတင်ပို့ မည့်ဈေးကွက်မှာ အိန္ဒိယနိုင်ငံဖြစ်ပြီး ဒီပါဝလီ နေ့အခမ်းအနားနှင့် မင်္ဂလာဆောင်ပွဲများသည့် လများတွင် ရွှေကိုဝယ်ယူမှုများလေ့ရှိကြောင်း၊ ရွှေအချောထည်များအပြင် ရွှေတုံးများကိုလည်း ရောင်းချရန် တစ်ဖက်နိုင်ငံက ကုန်သည်များနှင့် အချင်းချင်းညှိနှိုင်းသွားမည့် အစီအစဉ်များရှိကြောင်း ရွှေလုပ်ငန်းရှင် ဦးအောင်မြင့်က ပြောကြားသည်။
ပြည်တွင်းရှိ ရွှေများ တင်သွင်း/တင်ပို့ ခွင့်ကို စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ၂၀၁၈ ခုနှစ် ဇန်နဝါရီလအတွင်းက ခွင့်ပြုပေးခဲ့ခြင်းဖြစ်သည်။
The Voice
0 comments:
Post a Comment