Monday, January 28, 2019

အိမ်ရှင်ကလေး ခိုးယူသွားသည့် အိမ်အကူ လင်မယားကို ပေါင်းတည်မြို့တွင် ဖမ်းမိ

လှိုင်သာယာမြို့နယ်၊ (၂) ရပ်ကွက်၊ ဗိုလ်ချုပ်လမ်းရှိ နေအိမ်တစ်အိမ်မှ သုံးနှစ်အရွယ် ယောက်ျားလေးကို ခိုးယူပြေးသည့် အိမ်အကူ အမျိုးသမီးနှင့် ၎င်း၏ခင်ပွန်းဖြစ်သူတို့ကို ပဲခူးတိုင်းဒေသကြီး၊ ပေါင်းတည်မြို့တွင် ဖမ်းဆီးရမိခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။ 
“ကလေးခိုးယူပြေးတဲ့ အိမ်ဖော်အမျိုးသမီးက ကလေးကိုချစ်လို့ သူနဲ့အတူ ခေါ်သွားတာလို့ ထွက်ဆိုတယ်။ ဒါပေမဲ့ စုံစမ်းသိရှိရသလောက်ဆို သူက အိမ်ရှင်ကို အကြွေးကျပ်သိန်း တစ်ရာလောက် ပြန်ဆပ်စရာရှိတာမို့ ကလေးကိုခိုးယူသွားပြီး အိမ်ရှင်ဆီက ငွေညှစ်မလို့ ကြံစည်တာလည်း ဖြစ်နိုင်တယ်။ အိမ်ဖော်ဖြစ်သူက အိမ်ရှင်ဆီက ငွေချေးရင်း အတိုးပေါ် အတက်ပေါက်ရာကနေ ကျပ်သိန်းတစ်ရာနီးပါးလောက် ဖြစ်လာတော့ ကြံမိကြံရာ လုပ်မိချိန် ဒီဘက်က လက်ဦးမှုရယူပြီး ဖမ်းဆီးနိုင်ခဲ့တာကြောင့် ငွေညှစ်မယ့်ဇာတ်လမ်းအထိ မရောက်သွားတာလို့ ယူဆရတယ်”ဟု လှိုင်သာယာမြို့နယ် ရဲမှူး ခင်ဇော်က ပြောသည်။ 

သုံးနှစ်ကလေးငယ်ကို ခိုးယူပြေးသည့် အိမ်အကူ အသက် ၄၁ နှစ် ဒေါ်ရီရီနွဲ့မှာ လှိုင်သာယာမြို့နယ်၊ (၂) ရပ်ကွက်၊ ဗိုလ်ချုပ်လမ်းရှိ အလယ်တန်းပြ ကျောင်းဆရာမတစ်ဦး၏ နေအိမ်တွင် အိမ်အကူ ဝင်ရောက်လုပ်ကိုင်ခဲ့ပြီး ဇန်နဝါရီလ ၂၅ ရက် နံနက်ပိုင်းက ၎င်းမှ ကလေးငယ်ကိုခေါ်၍ အသုပ်သွားဝယ်မည်ဟု ပြောဆိုပြီး ထွက်သွားရာမှ နေအိမ် ပြန်မလာသဖြင့် ကလေးငယ်၏မိခင်ဖြစ်သူ အိမ်ရှင်အမျိုးသမီးက လှိုင်သာယာ မြို့မ ရဲစခန်းတွင် လူပျောက်တိုင်ချက် ဖွင့်လှစ်ခဲ့သည်။ 

“အိမ်ဖော်အမျိုးသမီးက ကလေးကိုခိုးယူလာပြီး ပေါင်းတည်မြို့ကို ပြန်လာတယ်။ ပေါင်းတည်မှာရှိနေတဲ့ သူ့ခင်ပွန်းက သူတို့တွေ အတူနေဖို့ အိမ်ငှားပေးထားတယ်။ ငှားထားတဲ့အိမ်က အိမ်ရှင်လင်မယားက မသင်္ကာလို့ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးကို အသိပေးဖမ်းဆီးခဲ့ပြီး ရဲစခန်း လာအပ်ခဲ့တာကြောင့် စစ်ဆေးကြည့်တော့ အိမ်ဖော် အမျိုးသမီးက ဒီကလေးက သူ့လက်ပေါ်မှာပဲ ကြီးပြင်းလာတာကြောင့် ချစ်လို့ သူနဲ့အတူ ခေါ်လာတာလို့ ထွက်ဆိုတယ်။ ဒါပေမဲ့ တစ်ဖက်မှာ စုံစမ်းကြည့်တော့လဲ အိမ်ရှင်အပေါ် ပြန်ဆပ်ရမယ့် အကြွေးကိစ္စတွေကြောင့် အခုလို ကလေးခိုးယူပြီး မိဘထံကနေ ငွေညှစ်ဖို့ ကြံစည်ခဲ့တာလို့လဲ ယူဆရတယ်”ဟု ရဲအရာရှိက ရှင်းပြသည်။ 

မိဘအုပ်ထိန်းမှုအောက်ရှိ ကလေးငယ်ကို ခိုးယူခေါ်ဆောင်သွားပြီး ဝှက်သိမ်းထားသူ ဒေါ်ရီရီနွဲ့နှင့် ပူးပေါင်းကြံစည်သူ ဒေါ်ရီရီနွဲ့၏ ခင်ပွန်း အသက် ၄၈ နှစ် သန်းစိုးကို လှိုင်သာယာမြို့မ ရဲစခန်းက ရာဇသတ်ကြီး ပုဒ်မ ၃၆၈/၁၁၄ ဖြင့် ဇန်နဝါရီလ ၂၆ ရက် ညနေပိုင်းက အမှုဖွင့် အရေးယူ စစ်ဆေးဆောင်ရွက်နေကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

The Voice

0 comments:

Post a Comment