Wednesday, April 3, 2019

ပြည်မြို့မှ ငွေလွှဲလုပ်ကိုင်သူ ကျပ်သိန်း ၄၀၀ ကျော်လုယက်ခံရ

ပြည်မြို့မှ ငွေလွှဲလုပ်ငန်းလုပ်ကိုင်သူတစ်ဦးသည် ၎င်းပိုင်ယာဉ်ဖြင့် ရန်ကုန်-ပြည်ကားလမ်းအတိုင်း မောင်းနှင်လာစဉ် ဧပြီလ ၂ ရက်နေ့ ည ၇ နာရီခန့်အချိန်က အရိုက်ခံရပြီး ကျပ်သိန်း ၄၀၀ ကျော် လုယက်ခံခဲ့ရကြောင်း ကြို့ပင်ကောက် မြို့မရဲစခန်းထံမှ သိရသည်။ 
ပြည်မြို့မှ ငွေလွှဲလုပ်ငန်း လုပ်ကိုင်သူ ဦးကျော်စည်သူအောင်သည် ကာဒီးနားအမျိုးအစား မော်တော်ယာဉ်ဖြင့် နတ္တလင်းမြို့တွင် ငွေလွှဲလုပ်ငန်းများ လုပ်ကိုင်ခဲ့ပြီးနောက် ကြို့ပင်ကောက်မြို့နယ်သို့ ဆက်လက်ထွက်ခွာလာစဉ် သခွပ်ကုန်းကျေးရွာအနီးတွင် ကားရှေ့ဘီးပေါက်၍ ဆင်းကြည့်ချိန်၌ ရိုက်နှက်ခံရပြီးနောက် ကားနောက်ခန်းအတွင်းမှ ကျပ်သိန်း ၄၀၀ လုယက်ခံခဲ့ရခြင်းဖြစ်ကြောင်း ရဲမှတ်တမ်းအရ သိရသည်။ 

“ကားဘီးပေါက်လို့ ဆင်းကြည့်တာ။ ဆိုင်ကယ်တစ်စီးနဲ့ လူနှစ်ယောက် ရောက်လာပြီး ကျွန်တော့်ခေါင်းကို ရိုက်တယ်။ လဲကျသွားတဲ့အချိန်မှာ ကားနောက်မှန်ကိုရိုက်ခွဲပြီး လုသွားတာ”ဟု ကြို့ပင်ကောက်ရဲစခန်းတွင် အမှုဖွင့်ထားသူ ဦးကျော်စည်သူအောင်က ပြောကြားသည်။ 

အဆိုပါ လုယက်မှုနှင့်ပတ်သက်၍ ကြို့ပင်ကောက် မြို့မရဲစခန်းက (ပ) ၁၇၃/ ၂၀၁၉၊ ရာဇသတ်ကြီးပုဒ်မ - ၃၉၄ လုယက်မှုဖြင့် အမှုဖွင့်ပေးထားပြီး ကျူးလွန်သူများကို စုံစမ်းရှာဖွေနေပြီဖြစ်ကြောင်း ယင်းရဲစခန်းထံမှသိရသည်။

The Voice

0 comments:

Post a Comment