မန္တလေးတိုင်းအတွင်းရှိ နည်းပညာတက္ကသိုလ်နှစ်ခု ပူးပေါင်း၍ သံချပ်နှင့် ယိမ်းအကတို့ကို အလှပြယာဉ်ဖြင့် ယခုနှစ် မန္တလေးသင်္ကြန်တွင် ပထမဆုံးအကြိမ် ပါဝင်ဆင်နွှဲမည်ဖြစ်ကြောင်း မန္တလေး နည်းပညာတက္ကသိုလ် ပါမောက္ခ ချုပ် ဒေါက်တာ ဦးဆင့်စိုးက ပြောကြားသည်။
နည်းပညာတက္ကသိုလ် (ရန်ကင်းတောင်) နှင့် နည်းပညာတက္ကသိုလ် (မန္တလေးတောင်) တို့တွင် ပညာသင်ကြားနေသည့် ကျောင်းသား၊ ကျောင်းသူ များက မျိုးဆက်သစ် အင်ဂျင်နီယာ၊ မန်း-နည်းပညာမောင်မယ် အဖွဲ့အမည်ဖြင့် ပါဝင်ဆင်နွှဲမည်ဖြစ်ကြောင်း ယင်းအစီအစဉ်ဖြစ်မြောက်ရေး ကော်မတီထံမှ သိရသည်။
မန္တလေးမြို့တော် မဟာသင်္ကြန် ပွဲတော်တွင် အင်ဂျင်နီယာကျောင်းသား၊ ကျောင်းသူများသည် မူလပညာကိုလည်း ဆည်းပူးလေ့လာနေရင်း အနုပညာနှင့် ပတ်သက်သော မြန်မာ့ရိုးရာ ယဉ်ကျေးမှု ရေစီးကြောင်းတွင် ရိုးရာယဉ်ကျေးမှု ချစ်မြတ်နိုးသည့်စိတ်ကို ဖော်ပြလိုရင်းဖြစ်ကြောင်း ဒေါက်တာဦးဆင့်စိုးက ထပ်မံပြောကြားသည်။
“နည်းပညာ တက္ကသိုလ်နှစ်ခု ပူးပေါင်းဆောင်ရွက်တဲ့ ထူးခြားတဲ့ ပုံရိပ်လေးတစ်ခုပါ။ ပညာကိုလည်း အတူလက်တွဲ သင်ယူသလို ပျော်စရာရှိရင်လည်း အတူတူ ပျော်ကြတယ်။ အတူဝိုင်းဝန်း ဆောင်ရွက်ကြတဲ့ ပုံရိပ်လေးပါ”ဟု ၎င်းက ပြောကြားသည်။
သံချပ်စာသားများတွင် လုံခြုံရေးကိစ္စများ၊ ပညာရေးကဏ္ဍနှင့် သက်ဆိုင်သော အပြောင်းအလဲများနှင့် သက်ဆိုင်သည့် စာသားများ ပါဝင်မည်ဖြစ်ကြောင်း မန္တလေး နည်းပညာတက္ကသိုလ် ကျောင်းသားများသမဂ္ဂမှ ကိုနိုင်အောင်လင်းက ပြောကြားသည်။
The Voice
0 comments:
Post a Comment