Sunday, April 28, 2019

ပြည်သူ့ဂုဏ်ရည်ဆုမှ ရရှိသည့် ဆုငွေကို မြို့တော်အတွက် သုံးစွဲသွားမည်ဟု မန်းမြို့စည်ပင်ပြော


ပြည်ပရောက် မြန်မာနိုင်ငံသားများက ချီးမြှင့်ပေးခဲ့သော ပြည်သူ့ဂုဏ်ရည်ဆုမှရရှိသည့် ဆုငွေများကို မြို့တော်အတွက် သုံးစွဲသွားမည်ဖြစ်ကြောင်း မန္တလေးမြို့တော်ဝန် ဒေါက်တာရဲလွင် က ပြောကြားခဲ့သည်။ 
"ပြည်သူ့ဂုဏ်ရည်ဆုဆိုတာ ကြီးမားတဲ့တာဝန်ကြီး ကျွန်တော်တို့ ပုခုံးပေါ်ရောက်လာတာပါ။ မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီကို ချီးမြှင့်တဲ့ ပြည်သူ့ဂုဏ်ရည်ဆုက ရရှိတဲ့ ငွေတွေကိုလည်း မြို့တော်စည်ပင်သာယာဖွံ့ဖြိုးရေးအတွက် သုံးစွဲသွားမှာပါ။ အဓိကအားဖြင့် ၂၆ လမ်း ပလက်ဖောင်းမှာ ပလက်ဖောင်းမီးတိုင်များအဖြစ် တည်ဆောက်သွားမှာဖြစ်ပါတယ်။ ဒီဆုက ကျွန်တော်တို့စည်ပင်အတွက် (ဒုတိယကြိမ်လုံး) ပါပဲ၊ (ပထမကြိမ်လုံး) က Smart City အဖြစ် အလားအလာအကောင်းဆုံးမြို့အဖြစ်သတ်ခဲ့တဲ့အရာပါ" ဟု မန္တလေးမြို့တော်ဝန် ဒေါက်တာရဲလွင်က ပြောကြားခဲ့သည်။ 
မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီအနေဖြင့် ပြည်သူ့ဂုဏ်ရည်ဆုအဖြစ် ဆုတံဆိပ်နှင့် ဒေါ်လာ တစ်သောင်းရရှိခဲ့ခြင်းဖြစ်ပြီး နည်းပညာများကို လုပ်ငန်းဆောင်တာများတွင် အံဝင်ခွင်ကျသုံးစွဲနိုင်ခဲ့ခြင်း၊ ဝန်ထမ်းများ၏ အရည်အသွေးများနှင့် ထိုက်သင့်သည့် ခံစားခွင့်များကိုတိုးမြှင့်ခြင်း၊ စနစ်တစ်ခုပြောင်းလဲရေးအတွက် အထူးလိုအပ်သည့် အချက်အလက်များကို စနစ်တကျကောက်ခံနိုင်ခြင်း ၊ မြို့တော်အား တိုးတက်အောင် ဆောင်ရွက်နိုင်ခြင့် စသည့်အချက်များကြောင့် ပြည်သူ့ဂုဏ်ရည်ဆုချီးမြှင့်ခြင်းဖြစ်သည်။ 
၂၀၁၉ ခုနှစ်အတွက် ပြည်သူ့ဂုဏ်ရည်ဆုကို မန္တလေးမြို့တော်စည်ပင်သာယာရေး ကော်မတီ ၊ ပြည်သူ့ဂုဏ်ရည် အထူးဆုများကို ဂုဏ်သိက္ခာအတွက် တရားရုံးတွင် အမှန်အတိုင်းထွက်ဆိုမှုကြောင့် အလုပ်ပြုတ် ထောင်ကျခဲ့ရသူ ဒုရဲမှုးဟောင်း ဦးမိုးရန်နိုင်၊ ကိုယ်အင်္ဂါ မသန်စွမ်းမှုကြောင့် ကျောင်းဆရာမ အဖြစ် ခန့်အပ်ရန် ငြင်းပယ်ခံခဲ့ရသော်လည်း ဝါသနာအရ ကလေးများကို စာသင်ကြားပေးနေသည့် ဆရာမလေး ဒေါ်အိအိညိမ်း၊ ကချင်စစ်ဘေးဒုက္ခသည်များအရေး ကူညီဆောင်ရွက်နေသည့် ကချင်တိုင်းရင်းသူ မဆွတ်ဆိုင်းထွယ် နှင့် ရန်ကုန်မြို့တော် သန့်ရှင်းရေးအတွက် ဆောင်ရွက်နေသည့် Clean Yangon Campaign အဖွဲ့ တို့က ရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ 


မိုးမခ
Isee Media 

0 comments:

Post a Comment