Thursday, April 25, 2019

အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင် စတင် ဖွင့်လှစ်ချိန်မှ၂၀၁၉ ခုနှစ် မတ်လအထိ ကော်မရှင်အဖွဲ့သို့ လိပ်မူပေးပို့သည့် တိုင်ကြားစာနှင့် မိတ္တူပေးပို့သည့် တိုင်ကြားစာ စုစုပေါင်း ၁၃၃၃၄ စောင်ရှိပြီး ရန်ကုန်တိုင်း ဒေသကြီးသည် တိုင်ကြားစာ ၂၈၅၅ စောင်ဖြင့် အများဆုံးဖြစ်ဟုဆို

အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင် စတင် ဖွင့်လှစ်သည့် ၂၀၁၇ ခုနှစ် နိုဝင်ဘာမှ ၂၀၁၉ ခုနှစ် မတ်လအထိ ကာလအတွင်း ကော်မရှင်အဖွဲ့ထံ လိပ်မူပေးပို့သည့် တိုင်ကြားစာနှင့် မိတ္တူပေးပို့သည့် တိုင်ကြားစာ စုစုပေါင်း ၁၃၃၃၄ စောင်ရှိပြီး တိုင်ကြားစာ ၂၈၅၅ စောင်ဖြင့် ရန်ကုန်တိုင်းဒေသကြီးမှ တိုင်ကြားမှု အများဆုံးဖြစ်ကြောင်း အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်မှ သိရသည်။ 
“ယခု တင်ပြမှာကတော့ ၂၀၁၉ မတ်လကုန်အထိ ကော်မရှင်ကို ရောက်ရှိလာတဲ့ တိုင်စာများရဲ့ အခြေအနေကို တင်ပြမှာ ဖြစ်ပါတယ်။ တိုင်ကြားစာပေါင်း ၁၃၃၃၄ စောင် ဖြစ်ပါတယ်။ အဲဒီ ၁၃၃၃၄ စောင်အနက် တိုင်ကြားစာပေါင်း ၇၁ စောင်၊ ကြိုတင် ထောက်လှမ်းစုံစမ်းတဲ့ တိုင်ကြားစာပေါင်း ၁၁၉ စောင်၊ သက်ဆိုင်ရာ ပြည်ထောင်စုဝန်ကြီးဌာနနဲ့ တိုင်းဒေသကြီး အစိုးရကို လွှဲပြောင်းပေးတဲ့ တိုင်ကြားစာ ၂၂၁၃ စောင်၊ ဥပဒေနှင့် သက်ဆိုင်ခြင်း မရှိသော်လည်း ပြည်သူများထံကို အကြံပြု ပြန်ကြားတဲ့ တိုင်ကြားစာပေါင်း ၆၅၉၈ စောင် ရှိပါတယ်။ ဒါကြောင့်မို့လို့ ဆောင်ရွက်ရန်မရှိတဲ့ တိုင်ကြားစာပေါင်း ကတော့ဖြင့် ၃၄၃၃ စောင် ဖြစ်ပြီးတော့ ဆောင်ရွက်ဆဲ တိုင်ကြားစာပေါင်းက အစောင်ရေ ၉၀၀ ဖြစ်ပါတယ်” ဟု အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်အဖွဲ့ဝင်၊ ပြန်ကြားရေးလုပ်ငန်း အဖွဲ့ခေါင်းဆောင် ဦးဟန်ညွန့်က The Daily Eleven သတင်းစာသို့ ပြောကြားသည်။ 

အဂတိတိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်အဖွဲ့သို့ တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် တိုင်ကြားမှုများတွင် တိုင်ကြားစာ ၂၈၅၅ စောင်ဖြင့် ရန်ကုန်တိုင်းဒေသကြီးမှ အများဆုံးဖြစ်ပြီး ဒုတိယ တိုင်ကြားမှု အများဆုံးနေရာတွင် တိုင်ကြားမှု ၂၂၂၅ စောင်ဖြင့် မန္တလေးတိုင်းဒေသကြီး၊ တတိယ နေရာတွင် တိုင်ကြားစာ ၁၄၅၅ စောင်ဖြင့် ဧရာဝတီတိုင်းဒေသကြီးက ရပ်တည်နေပြီး ပဲခူးတိုင်းဒေသကြီးသည် တိုင်ကြားစာ ၁၃၉၂ စောင်ဖြင့် စတုတ္ထနေရာ၊ ပဉ္စမနေရာတွင် တိုင်ကြားစာ ၁၀၅၈ စောင်ဖြင့် စစ်ကိုင်းတိုင်းဒေသကြီးက ရပ်တည်လျက်ရှိကြောင်း အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်ရုံးမှ သိရသည်။ 

ဦးဟန်ညွန့်က “ရန်ကုန်တိုင်းဒေသကြီးကတော့ ထုံးစံအတိုင်းပဲ စုစုပေါင်း တိုင်ကြားစာ ၂၈၅၅ စောင်ရေနဲ့ ပထမ ဖြစ်နေပါတယ်။ ဒုတိယကတော့ ပြီးခဲ့တဲ့ လအတိုင်းပဲ မန္တလေးတိုင်းဒေသကြီးက ၂၂၂၅ စောင်ရေ ဖြစ်ကြောင်း တွေ့ရပါတယ်။ ဧရာဝတီတိုင်းဒေသကြီးကတော့ စောင်ရေ ၁၄၅၅ နဲ့ တတိယနေရာမှာ ရောက်ရှိနေတာ တွေ့ရပါတယ်။ အဲဒီတော့ တိုင်စာ အရေအတွက်ကို ကြည့်ခြင်းအားဖြင့် ပြည်နယ်နှင့် တိုင်းဒေသကြီးများမှာ ရန်ကုန်တိုင်း၊ မန္တလေးတိုင်း၊ ဧရာဝတီတိုင်း စသည်ဖြင့် တိုင်စာ အရေအတွက်များကို ခန့်မှန်း ဆောင်ရွက်နိုင်မှာ ဖြစ်ပါတယ်။ ဒီနေရာမှာလည်းပဲ ကျွန်တော်တို့ ရန်ကုန်နဲ့ မန္တလေးကိုလည်းပဲ ရုံးခွဲများ ခွဲပြီးတော့ ဖွင့်လှစ်ပြီး ဖြစ်ပါတယ်။ ကျွန်တော်တို့ ရန်ကုန်ဆိုလို့ ရှိရင်လည်း မကြာမီက လွန်ခဲ့သော တစ်လခွဲခန့်က ဖွင့်လှစ်ပြီးတော့ ရန်ကုန်တိုင်းမှာ ဖွင့်လှစ်ထားပါတယ်။ မန္တလေးကတော့ မကြာမီ တစ်လနီးပါးအကြာမှာ ဖွင့်လှစ်ပါမယ်။ မန္တလေးရုံးခွဲ ဖွင့်လှစ်မယ့် အစီအစဉ်တွေကိုလည်းပဲ သတင်းထုတ်ပြန် ကြေညာပေးသွားပါမယ်” ဟု ပြောကြားသည်။ 

အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်ရုံးသို့ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးမှ တိုင်ကြားလာသည့် တိုင်ကြားစာ စုစုပေါင်း ၁၃၃၃၄ စောင်တွင် အရေးယူ ဆောင်ရွက်ပြီးစီးသည့် တိုင်ကြားစာ ၁၂၄၃၄ စောင် ရှိပြီး ဆောင်ရွက်ဆဲ တိုင်ကြားစာ ၉၀၀ စောင် ရှိနေကြောင်း အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်ရုံးမှ သိရသည်။ 

အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင် စတင် ဖွင့်လှစ်သည့် ၂၀၁၇ ခုနှစ် နိုဝင်ဘာမှ ၂၀၁၉ ခုနှစ် မတ်လအထိ ကော်မရှင်အဖွဲ့သို့ လိပ်မူပေးပို့သည့် တိုင်ကြားစာနှင့် မိတ္တူပေးပို့သည့် တိုင်ကြားစာများထဲမှ စုံစမ်းစစ်ဆေးခဲ့သည့် အမှုတွဲ ၄၃ မှုတွင် တရားစွဲဆိုခဲ့သည့် အမှုပေါင်း ၂၀၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၃၀(ခ) ဝန်ထမ်း စည်းမျဉ်းစည်းကမ်းအရ အရေးယူသည့် အမှုပေါင်း ၁၆ မှုနှင့် သက်ဆိုင်ရာ ဥပဒေဖြင့် အရေးယူရန် အကြောင်းကြားခဲ့သည့် အမှုပေါင်း ခုနစ်မှု ပါဝင်ကြောင်း ကော်မရှင်ထံမှ သိရသည်။ 

ကော်မရှင်သို့ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးမှ တိုင်ကြားလာသည့် တိုင်ကြားစာများထဲမှ ကော်မရှင်က စုံစမ်းစစ်ဆေးခဲ့သည့် တိုင်ကြားစာ ၇၁ စောင်တွင် အရေးယူ ဆောင်ရွက်သည့် တိုင်ကြားစာ ၄၃ စောင်၊ ဥပဒေနှင့် ငြိစွန်းသည့် အထောက်အထား စစ်ဆေးပေါ်ပေါက်ခြင်း မရှိသော တိုင်ကြားစာ ရှစ်စောင်၊ အရေးယူ ဆောင်ရွက်ပြီး ကိစ္စဖြစ်၍ ထပ်မံ ဆောင်ရွက်ခြင်း မရှိသည့် တိုင်ကြားစာ တစ်စောင်၊ စစ်ဆေး ဆောင်ရွက်ဆဲ တိုင်ကြားစာ ၁၉ စောင်ရှိကြောင်း၊ ကြိုတင် ထောက်လှမ်း စုံစမ်းစစ်ဆေးခြင်း ဆောင်ရွက်ခဲ့သည့် တိုင်ကြားစာ ၁၁၉ စောင်၊ သက်ဆိုင်ရာ ဝန်ကြီးဌာန နှင့် ပြည်နယ်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့သို့ လွှဲပြောင်းပေးပို့ခဲ့သည့် တိုင်ကြားစာ ၂၂၁၃ စောင်၊ ဥပဒေနှင့် သက်ဆိုင်ခြင်း မရှိသော်လည်း ပြည်သူများထံသို့ အကြံပြု ပြန်ကြားခဲ့သည့် တိုင်ကြားစာ ၆၅၉၈ စောင်နှင့် အရေးယူ ဆောင်ရွက်ခြင်း မရှိခဲ့သည့် တိုင်ကြားစာ ၃၄၃၃ စောင်ရှိကြောင်း ကောင်မရှင်မှ သိရသည်။ 

အဂတိတိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်အဖွဲ့သို့ တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် တိုင်ကြားမှု အနည်းဆုံးနေရာတွင် ကယားပြည်နယ်က တိုင်ကြားစာ ၁၅ စောင်ဖြင့် ရှိနေပြီး တိုင်ကြားမှု အနည်းဆုံး ဒုတိယနေရာတွင် ချင်းပြည်နယ်က တိုင်ကြားစာ ၉၇ စောင်၊ ကရင်ပြည်နယ်သည် တိုင်ကြားမှု ၁၇၄ စောင်ဖြင့် တိုင်ကြားမှု တတိယ အနည်းဆုံးနေရာတွင် ရှိနေကြောင်း သိရသည်။

Eleven Media Group

0 comments:

Post a Comment