Thursday, April 25, 2019

ဖားကန့်ဒေသတွင် မြေပြိုကျမှုနှင့် နွံကန်ပေါက်ကျမှုကြောင့် သုံးရက်အတွင်း ၅၇ ဦးသေဆုံး


ဖားကန့်ဒေသတွင် မြေပြိုကျမှုနှင့် နွံကန်ပေါက်ကျမှုကြောင့် ဧပြီ ၂၂ ရက်မှ ဧပြီ ၂၄ ရက်အထိ သုံးရက်အတွင်း လူပေါင်း ၅၇ ဦး သေဆုံးခဲ့ကြောင်း မှတ်တမ်းများအရ သိရသည်။ 
ဧပြီ ၂၂ ရက် ည ၁၂ နာရီခန့်က ဗလခကျေးရွာအနီး နွံကန်ပေါက်ကျရာ လူပေါင်း ၅၄ ဦး ပျောက်ဆုံးခဲ့ပြီး ယာဉ်ယန္တရား အစီး ၄၀ ကျော် နစ်မြုပ်ကာ လူငါးဦး၏ အလောင်းများ ပြန်လည်ရရှိခဲ့သည်။ ထို့အတူ ဧပြီ ၂၃ ရက် ညပိုင်း ၁၀ နာရီခန့်က မော်မောင်းလျှံ အောက်ဘက်ရှိ ကချင်အမျိုးသားဖွံ့ဖြိုးတိုးတက်ရေးကုမ္ပဏီ (KNDPC) လုပ်ကွက်တွင် မြေစာပစ်သည့် နွံကန်ဟောင်း ပြိုကျမှု ဖြစ်ပွားရာ အမျိုးသားနှစ်ဦးနှင့် ယာဉ်လေးစီး ဆုံးရှုံးခဲ့ကြောင်း သိရသည်။ 

ထို့ပြင် ဧပြီ ၂၄ ရက် နံနက် ၄ နာရီခန့်တွင် လုံးခင်းကျေးရွာအုပ်စု ငိုးပင်းကျေးရွာအနီး ငိုင်းပင်းလုပ်ကွက် (၇) ဝမ်းဘရားသားကုမ္ပဏီ လုပ်ကွက်အတွင်း အမြင့်ပေ ၁၀၀ ခန့်မှ ကမ်းပါး မြေပြိုကျမှုဖြစ်ပွားပြီး အမျိုးသားတစ်ဦးနှင့် ဘက်ဟိုးယာဉ် တစ်စီး၊ ဖောက်စက် တစ်စီး ဆုံးရှုံးခဲ့ကြောင်း သိရသည်။ 

အခင်းဖြစ်ပွားခဲ့သည့် နေရာများကို ကချင်ပြည်နယ်အစိုးရအဖွဲ့ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဦးဒါရှီလဆိုင်းနှင့်အဖွဲ့က ကွင်းဆင်း စစ်ဆေးခဲ့ပြီး ဆယ်ယူရေးလုပ်ငန်းများ၊ နောက်ထပ် အန္တရာယ်မကျရောက်ရေး ကိစ္စရပ်များ၊ အန္တရာယ်ရှိနိုင်သည့် အနေအထားများ၊ ရှောင်ရှားရန်နှင့် သတ်မှတ်ထားသည့် စည်းမျဉ်းစည်းကမ်းများကို လိုက်နာရန်ကိစ္စ၊ သေဆုံးသူများ၏ ကျန်ရစ်သူ မိသားစုများကို လျော်ကြေးပေးရန် ကိစ္စရပ်များနှင့် နှစ်သိမ့်ဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။ 

ဖားကန့်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးတင်စိုးက “ကျွန်တော် သိသလောက်ဆိုရင် သုံးရက်အတွင်း ဖြစ်စဉ် သုံးခုမှာ လူပေါင်း ၅၈ ဦး ရှိသွားပြီ။ အခုလို ဆက်တိုက် ဖြစ်တာက အန္တရာယ်ရှိနိုင်တာကို သိလျက်နဲ့ မဆင်ခြင်နိုင်တာတွေ။ သက်တမ်းကုန်ခါနီး လုပ်ကွက်ဖြစ်တဲ့အတွက် ဖိပြီး တူးတာတွေ ပါတယ်။ တချို့လည်း ရောပြီး တူးနေကြတော့ ဒီလိုတွေ ဖြစ်ကုန်တာပေါ့။ သက်တမ်းကုန်သွားလည်း ဝင်တူးနေကြတာနဲ့ အန္တရာယ်က ရှိနေဦးမှာပဲ။ လုံးဝ မဖြစ်အောင်လုပ်ဖို့ အနေအထားတော့ မဖြစ်နိုင်သေးဘူး” ဟု ပြောကြားသည်။ 

ဖားကန့်ဒေသတွင် ယင်းကဲ့သို့ အန္တရာယ်ရှိနိုင်သည့် ဧကပေါင်း ဆယ်နှင့်ချီသော နွံကန်ပေါင်း ဆယ်နှင့်ချီကာ ကျေးရွာများအထက်တွင် လည်းကောင်း၊ လုပ်ကွက်များအထက်တွင် လည်းကောင်း ရှိနေကြောင်း၊ နွံကန်အနီးတွင် လုပ်ကိုင်နေသည့် လုပ်ကွက်အများအပြား ရှိနေပြီး ကုမ္ပဝန်ထမ်းအများစုမှာ စိုးရိမ်နေကြောင်း ဝန်ထမ်းများက ဆိုသည်။ 

ဆန်ခါကျေးရွာအနီး ကုမ္ပဏီတစ်ခုတွင် လုပ်ကိုင်နေသူ တစ်ဦးက “ကျွန်တော်တို့ လုပ်ကွက်က နွံကန်နဲ့ နီးနေပြီ။ မလုပ်ချင်တော့ပေမယ့်လည်း တစ်လစာ လုပ်အားခက ကုမ္ပဏီမှာ ချန်ထားရတယ်ဆိုတော့ မထွက်ဖြစ်ဘူး။ နွံကန်ထက်ကို လုပ်ကွက်က အောက်ရောက်နေပြီလေ။ ကြားရတဲ့သတင်းက ပြိုသွားတဲ့ ဗလခမှော်က ကားဆရာတွေက မလုပ်ချင်တော့ဘူးလို့ ပြောနေတဲ့ကြားထဲက ဖြစ်သွားတာလို့ သိရတယ်” ဟု ပြောကြား သည်။ 

လွန်ခဲ့သည့် မတ် ၂၃ ရက် မွန်းလွဲပိုင်းက ဖားကန့်မြို့နယ် လုံးခင်းကျေးရွာအုပ်စု အဲဗားဝင်းနား ဆိုက်ဘက်မှ နွံစစ်ကန်ပြိုကျရာ နေမင်းကမ္ဘာကုမ္ပဏီ လုပ်ကွက်ဘက်တွင် ဘက်ဟိုး ငါးစီးနှင့် ယမ်းဖောက်စက် လေးစီး နစ်မြုပ်ခဲ့သည်။ 

ဒေသတွင်း လူမှုကူညီရေးမှတ်တမ်းများအရ ၂၀၁၈ ခုနှစ်အတွင် မြေပြိုမှုကြောင့် အနည်းဆုံး လူဦးရေ ၁၃၀ ထက်မနည်း သေဆုံးခဲ့ပြီဖြစ်ကြောင်း သိရသည်။ 

မှတ်တမ်းများအရ ၂၀၁၉ ခုနှစ်အတွင်း ကမ်းပါးပြိုခြင်း၊ မြေစာပြိုခြင်း၊ ခဲမှန်ခြင်း၊ လုံခြုံရေးအဖွဲ့ဝင်များနှင့် ပဋိပက္ခဖြစ်ပွားရာမှ သေနတ်ထိမှန် သေဆုံးခြင်း စသည့် အခြေ အနေများကြောင့် ဖားကန့်ဒေသတွင် လူ ၇၀ ခန့် သေဆုံးခဲ့ပြီဖြစ်ကြောင်း သိရသည်။ 

ဖားကန့် ကျောက်မျက်တူးဖော်ရေး လုပ်ငန်းများတွင် မိုင်းဒဏ်၊ သဘာဝဒဏ်များကြောင့် အက်ကြောင်းများ မိုးရေဝင်ပြီး လျှောပြိုခြင်း၊ အမြင့်ပိုင်းမှ ရေကန်များ လျှောဆင်းကာ ပြိုကျခြင်း၊ မြေစာပုံများ မြေလျှောပြိုခြင်း၊ လျှောပြို မြေလွှာများ လုပ်ကွက်ကျင်းဟောင်းအတွင်း ကျဆင်းခြင်းကြောင့် အခြားတစ်ဖက်ရှိ ကမ်းပါးများသို့ ကြီးမားလွန်းသည့် ရေလှိုင်းလုံးများဖြင့် ရိုက်ချခြင်းတို့ကြောင့် လူပေါင်းများစွာ သေဆုံးမှုများ ဖြစ်ပေါ်နေခြင်း ဖြစ်သည်။ ဖားကန့်ဒေသတွင် မြန်မာနိုင်ငံအရပ်ရပ်မှ ရောက်ရှိလာသည့် ရွှေ့ပြောင်းလုပ်သား သုံးသိန်းဝန်းကျင် အမြဲရှိနေပြီး ကျောက်စိမ်းလုပ်ကွက်များတွင် တရားမဝင် တစ်နိုင်တစ်ပိုင် တူးဖော်ခြင်း၊ မြေစာပုံများတွင် ရေမဆေးရှာခြင်း၊ ကျောက်စိမ်း တူးဖော်နေဆဲ လုပ်ကွက်များတွင် ကျောက်စိမ်း ဝင်ရောက်ရှာဖွေခြင်း စသည့် လုပ်ငန်းများတွင် လုပ်ကိုင်နေကြခြင်း ဖြစ်သည်။ 

Eleven Media Group 

0 comments:

Post a Comment