စစ်တွေမြို့တွင် မိန်းကလေးငယ်(၁)ဦးအား မုန့်ကျွေးမည်ဟုပြောဆိုကာ ပုဇွန်ကန်အတွင်း တွန်းချခဲ့သူအား စုံစမ်းဖော်ထုတ်အရေးယူထားကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ခဲ့သည်။
၂၀၁၉ ခုနှစ်၊ ဧပြီလ ၂ ရက်နေ့ ညနေ ၄ နာရီ ၃၀ မိနစ်အချိန် အမြင့်ကျွန်း နယ်မြေရဲစခန်းမှတပ်ဖွဲ့ဝင်များသည် မိန်းကလေးငယ်(၁)ဦး ရေနစ်သေဆုံးကြောင်း သတင်းအရ သက်သေများနှင့်အတူ သွားရောက်စစ်ဆေးခဲ့ရာ ဦးမောင်အေး ပိုင်ဆိုင်သည့် ပုဇွန်ကန်ရေအလယ်၌ မိန်းကလေးငယ်(၁)ဦးအား ရေနစ်သေဆုံးနေသည်ကို တွေ့ရှိခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။
စုံစမ်းစစ်ဆေးမှုများအရ သေဆုံးသူမှာ အနောက်စံပြရပ်ကွက်နေ မမေမြတ်မွန်အောင်(ခ)ချစ်စု(၆)နှစ်ဖြစ်ပြီး ဧပြီလ ၂ ရက်နေ့ မွန်းလွဲ ၁ နာရီအချိန်ခန့်က တစ်ရပ်ကွက် တည်းနေ မအေးသူဇာဝင်း(ခ)သူသူ(၂၄)နှစ်မှ မုန့်ကျွေးမည်ဟုပြောဆို၍ ခေါ်ဆောင်သွားပြီး အဆိုပါ ပုဇွန်ကန်အတွင်းသို့ တွန်းချခဲ့သဖြင့် ကန်အတွင်းရှိ ကျောက်များနှင့် မျက်နှာဆောင့်မိကာ ဒဏ်ရာများ ရရှိသေဆုံးသွားခြင်းဖြစ်ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့သည်ဟု ဆိုသည်။
အဆိုပါဖြစ်စဉ်နှင့် ပတ်သတ်ပြီး မအေးသူဇာဝင်းအား အမြင့်ကျွန်း နယ်မြေ ရဲစခန်း(ပ)၁၅/၂၀၁၉၊ ရာဇသတ်ကြီးပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။
သတင်း - ကိုကို
ဓာတ်ပုံ - ရဲဇာနည်
The Standard Time Daily
0 comments:
Post a Comment