မိုးထိမိုးမိ ဒေသရှိ အကြီးစား ရွှေလုပ်ကွက်များတွင် တရားမဝင် ရွှေသတ္တုတူးဖော်ခြင်းနှင့် ပတ်သက်၍ မမှန်မကန် တိုင်ကြားသူ အမျိုးသားကြီးပွားတိုးတက်ရေးကုမ္ပဏီ၏ အုပ်ချုပ်မှု ဒါရိုက်တာ သုံးဦးကို အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေဖြင့် အမှုဖွင့် အရေးယူကြောင်း ဧပြီ ၃ ရက်တွင် အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်က ထုတ်ပြန်ခဲ့သည်။
ထုတ်ပြန်ချက်တွင် မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းမြို့နယ်၊ မိုးထိမိုးမိဒေသရှိ အကြီးစား ရွှေလုပ်ကွက်များတွင် တရားမဝင် ရွှေသတ္တုတူးဖော်သူများနှင့် အဂတိလိုက်စား၍ ရွှေခိုးထုတ်ရာတွင် ပူးပေါင်း ပါဝင်သော တာဝန်ကျ ဝန်ထမ်းများကို စုံစမ်းဖော်ထုတ် အရေးယူပေးပါရန် ဦးထွန်းအောင်စိုး (အမျိုးသားကြီးပွားတိုးတက်ရေး ကုမ္ပဏီ၏ အုပ်ချုပ်မှု ဒါရိုက်တာ) က အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်သို့ တိုင်ကြားခဲ့ကြောင်း သိရသည်။
၎င်း၏ တိုင်ကြားစာအရ ဦးထွန်းအောင်စိုး ဖော်ညွှန်းသော သက်သေများနှင့် ဆက်စပ် သက်သေများ၏ ထွက်ဆိုချက်အရ မိုးထိမိုးမိဒေသ ရွှေတူးဖော်ထုတ်လုပ်ရေး လုပ်ကွက် ကြီး (A) ရှိ ပိတ်ထားသော Adit အတွင်း ဖမ်းဆီးရမိခဲ့ပြီး ပြည်သူပိုင်ပစ္စည်းကာကွယ်ရေး အက်ဥပဒေ ပုဒ်မ ၆ (၁)ဖြင့် အမှုဖွင့် တိုင်ကြားခြင်း ခံခဲ့ရသည့် ဦးအေးကိုပါ ၁၀ ဦးအား ဦးထွန်းအောင်စိုး ညွှန်ကြားသည့်အတိုင်း သတ္တုတွင်းဝန်ထမ်းနှင့် လုံခြုံရေးရဲများကို ငွေပေး၍ သတ္တုခိုးတူးခြင်း ဖြစ်သည်ဟု ပြောဆိုပေးရန် ဦးမျိုးအောင်နှင့် ဦးဆန်နီတို့သည် ရမည်းသင်း အကျဉ်းထောင်၌ သွားရောက်တွေ့ဆုံ သင်ကြားပေးခြင်း၊ အမှု သက်သာအောင် ဆောင်ရွက်ပေးမည်ဟု သွေးဆောင် ပြောကြားခြင်း၊ ရွှေဟင်္သာဟိုတယ်၌ သတင်းသမားများ နှင့် တွေ့ဆုံစဉ် ဦးသိန်းမြင့်ပါ လေးဦးအား မမှန်မကန်သော အချက်များကို ထုတ်ဖော်ပြောကြားစေရန် ဆောင်ရွက်ပေးခဲ့ပြီး မမှန်မကန်သော အချက်အလက်များကို ရေးသားတိုင်ကြားစေရန် စီစဉ် ဆောင်ရွက်ခဲ့ကြောင်း၊ ဦးထွန်းအောင်စိုးသည် ၎င်းတို့ ကုမ္ပဏီနှင့် အကျိုးတူ ပူးပေါင်းလုပ်ကိုင်ခဲ့သည့် ကုမ္ပဏီအဖွဲ့ ရှစ်ဖွဲ့အမည်ကို အလွဲသုံးစားပြုပြီး နိုင်ငံ့ဝန်ထမ်းများက ငွေကြေးများရယူပြီး တရားမဝင် ရွှေခိုးတူးခွင့် ပြုကြောင်း၊ ရွှေခိုးတူးသူများအား လာဘ်ငွေရယူ၍ ပြန်လွှတ်ခဲ့သည်ဟု မမှန်မကန် စွပ်စွဲတိုင်ကြားစာများ ပေးပို့ခဲ့ကြောင်း စစ်ဆေး ပေါ်ပေါက်သဖြင့် နိုင်ငံ့ဝန်ထမ်းများကို နစ်နာစေရန် ရည်ရွယ်၍ အဂတိလိုက်စားမှု ကျူးလွန်သည်ဟု မမှန်မကန် တိုင်ကြားသူ အမျိုးသားကြီးပွားတိုးတက်ရေး ကုမ္ပဏီ၏ အုပ်ချုပ်မှု ဒါရိုက်တာ ဦးထွန်းအောင်စိုး အပေါ် အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၉ အရ လည်းကောင်း၊ မမှန်မကန် တိုင်ကြားရာတွင် အားပေး ကူညီခဲ့သည့် ဦးမျိုးအောင်နှင့် ဦးဆန်နီတို့အပေါ် အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၉/ ၆၃ အရ လည်းကောင်း အရေးယူ ဆောင်ရွက်ရန် နေပြည်တော်ကောင်စီနယ်မြေ ဇမ္ဗူသီရိမြို့မ ရဲစခန်းတွင် ၂၀၁၉ ခုနှစ် ဧပြီ ၃ ရက်၌ ပထမ သတင်းပေး တိုင်ကြားချက် ဖွင့်လှစ်၍ တရားစွဲဆို အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။
အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်သို့ ပေးပို့လာသော တိုင်ကြားစာများအနက် ရာခိုင်နှုန်းတစ်ခုသည် သဘောရိုးဖြင့် မှားယွင်းတိုင်ကြားသည့် တိုင်ကြားစာများ ဖြစ်ကြောင်း စိစစ်တွေ့ရှိရ၍ တိုင်ကြားသူများအပေါ် ကော်မရှင်က အရေးယူဆောင်ရွက်ခြင်း မရှိခဲ့ကြောင်း၊ သို့ရာတွင် ပုဂ္ဂိုလ်တစ်ဦး တစ်ယောက်အား နစ်နာစေရန် သို့မဟုတ် ဂုဏ်သရေပျက်စေရန် ရည်ရွယ်ချက်ဖြင့် အဂတိလိုက်စားမှု ကျူးလွန်သည်ဟု မမှန်မကန် တိုင်ကြားကြောင်း စစ်ဆေး ပေါ်ပေါက်ပါက မမှန်မကန် တိုင်ကြားသူအပေါ် အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၅၉ အရ အရေးယူပြီး ယခုဖြစ်စဉ်တွင် နိုင်ငံ့ဝန်ထမ်းများအား တမင်နစ်နာစေရန် ရည်ရွယ်ချက်ရှိရှိဖြင့် အချိန်ယူစီစဉ်ခဲ့ပြီး မမှန်မကန် တိုင်ကြားကြောင်း လုံလောက်သည့် အထောက်အထားများ ရှိကြောင်း စိစစ်တွေ့ရှိရ၍ ဦးထွန်းအောင်စိုးပါ သုံးဦးအပေါ် အထက်ပါကဲ့သို့ အရေးယူရခြင်း ဖြစ်ကြောင်း သိရသည်။
အထက်ပါဖြစ်စဉ်နှင့် ပတ်သက်၍ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်က မမှန်မကန် သတင်းပေး တိုင်ကြားခြင်းကို အရေးယူခြင်းသည် ပထမဦးဆုံးအကြိမ် ဟုတ်ပါသလား ဟု မေးမြန်းမှုကို “မှန်ပါတယ်။ ဒါ ကျွန်တော်တို့ ကော်မရှင်ကနေမှ အခုလိုမျိုး တစ်ဖက်သားကို မရိုးမဖြောင့်တဲ့ သဘောနဲ့ပေါ့။ မရိုးမဖြောင့်တဲ့ သဘောနဲ့ တစ်ဖက်သားကို နစ်နာစေလိုတဲ့ ရည်ရွယ်ချက်နဲ့ ရည်ရွယ်ချက်ရှိရှိနဲ့ သက်သေတွေ မမှန်မကန် ဆောင်ရွက်တဲ့အတွက်ကြောင့်မို့လို့ စုံစမ်းစစ်ဆေးရေးအဖွဲ့ရဲ့ တွေ့ရှိချက်အရ အမှုဖွင့်တာ ဖြစ်ပါတယ်။ ဒါကတော့ ပထမဦးဆုံးပါ” ဟု အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင် ညွှန်ကြားရေးမှူး ဦးကျော်စိုးက ပြန်လည်ဖြေကြားသည်။
မိုးထိမိုးမိ ဒေသရှိ အကြီးစား ရွှေလုပ်ကွက်များတွင် တာဝန်ကျ ဝန်ထမ်းများ အဂတိလိုက်စား၍ တရားမဝင် ရွှေတူးဖော်သူများနှင့်ပူးပေါင်း၍ ရွှေခိုးထုတ်နေကြောင်း ကော်မရှင်ထံ မမှန်မကန် တိုင်ကြားခဲ့ဖြစ်စဉ်သည် နိုင်ငံ့ဝန်ထမ်းများအား တမင်နစ်နာစေရန် ရည်ရွယ်ချက်ရှိရှိဖြင့် အချိန်ယူစီစဉ်ခဲ့ပြီး မမှန်မကန် တိုင်ကြားကြောင်း လုံလောက်သည့် အထောက်အထားများ ရှိသည်ကို စိစစ်တွေ့ရှိရ၍ ဦးထွန်းအောင်စိုး အပါအဝင် သုံးဦးအား အထက်ပါကဲ့သို့ အရေးယူရခြင်း ဖြစ်ကြောင်း ကော်မရှင်က ထုတ်ပြန်ခဲ့သည်။
အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေ တွင် ပြဋ္ဌာန်းထားသည့် ပုဒ်မ ၅၉ အရ မည်သူမဆို ပုဂ္ဂိုလ်တစ်ဦး တစ်ယောက်အား နစ်နာစေရန် သို့မဟုတ် ဂုဏ်သရေ ပျက်စေရန် ရည်ရွယ်၍ ဤဥပဒေပါ ပြစ်မှုတစ်ခုခုကို ကျူးလွန်သည်ဟု လည်းကောင်း၊ အဂတိလိုက်စားမှုဖြင့် ကြွယ်ဝချမ်းသာလာသည်ဟုသော် လည်းကောင်း၊ မမှန်မကန် သတင်းပေးပို့ခြင်း၊ တိုင်တန်းခြင်းပြုကြောင်း ပြစ်မှုထင်ရှား စီရင်ခြင်းခံရလျှင် ထိုသူကို သုံးနှစ်ထက် မပိုသော ထောင်ဒဏ် ချမှတ်ရမည့်အပြင် ငွေဒဏ်လည်း ချမှတ်နိုင်သည်ဟု ပြဋ္ဌာန်းထားသည်။
Eleven Media Group
0 comments:
Post a Comment