Wednesday, April 3, 2019

ရဲအချင်းချင်း ပစ်ခတ်၍ စခန်းမှူးသေဆုံးပြီး တပ်ကြပ်တစ်ဦးဒဏ်ရာရ



ကျောက်တော်မြို့နယ်၊ ကန်စောက်ရဲကင်းစခန်းတွင် ဧပြီလ ၂ ရက်နေ့၊ ညနေ ၄ နာရီကျော်အချိန်ခန့်က ရဲနှစ်ဦး ခိုက်ရန်ဖြစ်ပွားမှုမှတစ်ဆင့် သေနတ်ဖြင့် အချင်းချင်း ပစ်ခတ်ကြရာ စခန်းမှူးတစ်ဦး သေဆုံးသွားပြီး တပ်ကြပ်တစ်ဦး ဒဏ်ရာရရှိသွားသည်ဟု ကန်စောက်ရဲကင်းစခန်းက သိရသည်။ 

“ သေဆုံးတာတော့ မှန်ပါတယ်။ ဒီမှာ ကျွန်တော်တို့ အလုပ်များနေတဲ့အတွက်ကြောင့် မေးမြန်းစရာတွေကို မြိုနယ်ရဲတပ်ဖွဲ့ကိုပဲ ဆက်သွယ်မေးပါ” ဟု ကန်စောက်ရဲကင်းစခန်းမှူး ဒုရဲအုပ် မျိုးကိုကိုက ပြောသည်။ 

အသေးစိတ်သိရှိရန်အတွက် ကျောက်တော်မြို့မရဲစခန်းသို့ဆက်သွယ်ခဲ့သော်လည်း ဖုန်းကိုင်ဖြေဆိုခြင်း မရှိပေ။ ထို့ကြောင့် ပြည်နယ်ရဲတပ်ဖွဲ့ ရဲမှူးကြီးကြည်လင်းကို ဆက်လက်ဆက်သွယ်ရာတွင် “ဖြစ်စဉ် မှန်ကန်တယ်” ဟုသာ ဖြေကြားခဲ့ပြီး အသေးစိတ်အချက်အလက်များကို ပြော၍ မရသေးကြောင်း တုန့်ပြန်သည်။ 

DMG ၏ စုံစမ်းမှုအရ သေဆုံးသူမှာ ကျောက်တော်မြို့နယ် တင်းမရဲကင်းစခန်းမှ ကန်စောက်ရဲကင်းစခန်းသို့ ပူးပေါင်းတာဝန်ထမ်းဆောင်ရန် ရောက်ရှိနေသော စခန်းမှူး ရဲအုပ်မောင်မောင်လေးဖြစ်ပြီး ၎င်းနှင့်အတူ ဒဏ်ရာရရှိသူမှာ တင်းမစခန်းမှ တပ်ကြပ်ကြီးတစ်ဦးဖြစ်သည်ဟု သိရသည်။ ၎င်းတို့ကို ပစ်သတ်ခဲ့သူမှာ ကန်စောက်ရဲကင်းစခန်းမှ တပ်ကြပ်ကြီး ကျော်အေးစိန်ဖြစ်ပြီး ၄င်းအား ကျောက်တော်အချုပ်သို့ ယနေ့ ပို့ဆောင်လိုက်သည်ဟု သိရသည်။ 

“ရဲအချင်းချင်း စကားများရာမှာ ပစ်သတ်လိုက်တာ။ တင်းမစခန်းမှူးက သေတာပါ။ တပ်ကြပ်တစ်ဦးက ဒဏ်ရာရလို့ စစ်တွေဆေးရုံမှာလို့ သိရပါတယ်” ဟု အခင်းဖြစ်ပွားပြီး မကြာမီတွင် ယင်းနေရာသို့ သွားရောက်ကြည့်ရှုခဲ့သူ ဒေသခံတစ်ဦးက DMG ကိုပြောသည်။ တင်းမရဲစခန်းကို ဒေသလုံခြုံရေးအခြေအနေကြောင့် ကန်စောက်ရဲစခန်းနှင့် ပူးပေါင်းထားခြင်းလည်းဖြစ်သည်။ 

ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁၃ ရက်နေ့ကလည်း ကျောက်ဖြူမြို့နယ်တွင် အချင်းချင်းစကားများကြရာမှ ဒုတပ်ကြပ်၏ သေနတ်ပစ်ချက်ကြောင့် ရဲတပ်သားတစ်ဦး သေဆုံးသွားခဲ့သည်။ 

မတ်လ ၂၃ ရက်နေ့ကလည်း မြောက်ဦးမြို့နယ်၊ တိမ်ညိုစခန်းမှူးမှာ တပ်မတော် ထောက်/ပို့ တပ်အနီး စားသောက်ဆိုင်တွင် သေနတ်ဖြင့် ပစ်ခတ်ခံရမှုကြောင့် သေဆုံးသွားသည်။ 

သို့သော် မည်သူ့လက်ချက်ဖြစ်ကြောင်းကို ဖော်ထုတ်နိုင်ခြင်း မရှိသေးပေ။ 

ခိုင်ရိုးလ/ DMG 

0 comments:

Post a Comment