Sunday, April 28, 2019

မြို့သာစက်မှုဇုန်ရှိ ဆေးခြောက်စိုက်ခင်း ပိတ်သိမ်းလိုက်ပြီဟု မန်းဝန်ကြီးချုပ် ပြော


မန္တလေးတိုင်းဒေသကြီး ငါန်းဇွန်မြို့နယ် မြို့သာစက်မှုဇုန်တွင် အမေရိကန်နိုင်ငံသားများ စိုက်ပျိုးထားသည့် ဆေးခြောက်ဟု ရဲတပ်ဖွဲ့မှ ပြောဆိုထားသည့် စိုက်ခင်းကို မည်သူမှ အဝင်မခံဘဲ ပိတ်သိမ်းလိုက်ပြီဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဒေါက်တာဇော်မြင့်မောင်က ပြောကြားသည်။ 
"ပိတ်သိမ်းလိုက်ပြီ။ ဒီနေ့ ချိတ်ပိတ်လိုက်ပြီ " ဟု ဝန်ကြီးချုပ်က ပြောသည်။ 
စိုက်ပျိုးမည့်ကုမ္ပဏီဘက်မှ နောက်ဆုံးတင်ပြသည့်အထဲတွင် Industrial Hemp (စက်ရုံသုံးဂုန်လျှော်) ဟူ၍ ပါဝင်ပြီး ယင်းတွင် Cannabis (ဆေးခြောက်ပင်) ပါဝင်သည်ကို မသိကြောင်း၊ လျှော်စိုက်ပါစေဟုဆိုသဖြင့် ခွင့်ပြုခဲ့ခြင်းဖြစ်ကြောင်း ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်က ရှင်းပြသည်။ 
"စိုက်တာက အမေရိကန်ဆေးကုမ္ပဏီက စိုက်တာ၊ Cannabis ပါတော့ မတတ်နိုင်ဘူး။ တရားဥပဒေနဲ့ အရေးယူထားတယ်။ အဖမ်းခံရတယ်" ဟု ဝန်ကြီးချုပ်က ပြောသည်။ 
မြန်မာနိုင်ငံတွင် ဆေးခြောက်ကို တရားဝင်စိုက်ပျိုးခွင့် ဥပဒေ မရှိသဖြင့် စိုက်ပျိုးလျှင် ဖမ်းဆီးရမည်ပင်ဖြစ်ကြောင်း ၎င်းက ဆိုသည်။ 
"လုပ်တဲ့သူအပေါ်မှာပဲ မူတည်မှာပဲ။ ပင်မတောင်းဆိုတဲ့သူက ကျွန်တော်တို့ဆီ လျှော်ပင်လို့တင်လို့ လျှော်ပင်ကို ခွင့်ပြုလိုက်တာ။ လုပ်တဲ့သူက ဒီဟာ လျှော်ပင်လား ဘာလားဆိုတာ သူတို့ပဲ သိမှာ" ဟု ဝန်ကြီးချုပ်က ပြောဆိုသည်။ 
ဂျပန်လူမျိုး အမေရိကန်နိုင်ငံသားများ ဦးဆောင်သည့် III M (3M) အာဟာရဆေးဝါးကုမ္ပဏီသည် အမေရိကန်နိုင်ငံမှ တင်သွင်းမည့် သဘာဝဂုန်လျှော်မျိုးစေ့ US (Kompolti/AB Seeds) နှင့် EU (Kompolti/EU 8 Seeds) တို့အပြင် ပြည်တွင်းမှ ချင်း (ဂျင်း)၊ နနွင်းနှင့် Kenaf (ချဉ်ပေါင်လျှော်) ပင်များကိုလည်း စိုက်ပျိုးမည်ဖြစ်ကြောင်း တိုင်းဒေသကြီးအစိုးရအဖွဲ့သို့ တင်ပြသည့်စာတွင် ဖော်ပြထားသည်။ 
ယင်းသို့ စိုက်ပျိုးနိုင်ရန် မန္တလေး-မြို့သာ စက်မှုဖွံ့ဖြိုးရေး အများပိုင်ကုမ္ပဏီ (MMID) မှ စက်မှုဇုန်နယ်မြေအတွင်း မြေဧက ၆၀ ကို တစ်နှစ်အခမဲ့ စမ်းသပ်စိုက်ပျိုးရန် ငှားရမ်းထားခြင်း ဖြစ်သည်။ 
သို့သော် ယင်းစိုက်ခင်းအတွင်း ဆေးခြောက် စိုက်ပျိုးနေသည့်အကြောင်း လူမှုကွန်ရက်တွင် ပျံ့နှံ့လာပြီးနောက် ဧပြီလ ၂၂ ရက်နေ့တွင် ပြည်ထဲရေးဝန်ကြီးဌာနမှ သွားရောက်စစ်ဆေးခဲ့ပြီး ဆေးခြောက်ဖြစ်ကြောင်း ဓာတ်ခွဲခန်းအဖြေအရ သိရသဖြင့် စိုက်ခင်းနှင့်ပတ်သက်သည့် ကိုရှိန်းလတ်နှင့် မရွှန်းလဲ့မြတ်နိုး၊ အမေရိကန်နိုင်ငံသား Mr. John Fredric Todoroki နှင့် Mr. Alexander Skemp Todoroki (စုံစမ်းဆဲ) တို့ကို မူးယစ်ဆေးဝါး ဥပဒေပုဒ်မ ၁၆ (က)၊ ၁၉ (က)၊ ၂၀ (က)၊ ၂၁ တို့ဖြင့် ငါန်းဇွန်မြို့မရဲစခန်းတွင် အမှုဖွင့် အရေးယူထားသည်။ 
ယင်းစိုက်ခင်းရှိ အပင်များမှ ဆေးခြောက်အာနိသင် မည်မျှပါသည်ဆိုသည်ကိုမူ ရဲတပ်ဖွဲ့က ယနေ့အထိ ထုတ်ပြန်ခြင်း မရှိပေ။ 
လက်ရှိတွင်မူ အဆိုပါစိုက်ခင်းကို ရဲတပ်ဖွဲ့မှ ထိန်းသိမ်းထားသည်။
The Voice Journal 

0 comments:

Post a Comment