Wednesday, April 3, 2019

မိတ္ထီလာနှင့် သာစည်တွင် သင်္ကြန်ကာလအတွင်း အဝေးပြေးလက်မှတ်များ ဈေးတင်မရောင်းရန် လိုက်လံသတိပေး


မန္တလေးတိုင်းအတွင်းရှိ မိတ္ထီလာနှင့် သာစည်မြို့နယ်များအတွင်းရှိ အဝေးပြေးယာဉ်လိုင်းများနှင့် လက်မှတ်အရောင်းကိုယ်စားလှယ်များအနေဖြင့် လက်မှတ်များ ဈေးတင်မရောင်းရန်အပါအဝင် သင်္ကြန်ကာလအတွင်း လိုက်နာရမည့်အချက်များကို အသိပညာပေးခြင်းများ ဧပြီ ၃ ရက်နေ့က စားသုံးသူရေးရာဦးစီးဌာနမှ လိုက်လံလုပ်ဆောင်ခဲ့သည်။ 
သင်္ကြန်ရုံးပိတ်ရက်များအတွင်း နေရပ်ပြန်သူများနှင့် ဘုရားဖူး၊ အလည်အပတ်သွားလာသူ ခရီးသွားပြည်သူများ အဆင်ပြေချောမွေ့စွာ သွားလာနိုင်ရေးအတွက် ထိုသို့လုပ်ဆောင်ခြင်းဖြစ်ကြောင်း စားသုံးသူရေးရာဦးစီးဌာန (မိတ္ထီလာခရိုင်)ဦးစီးမှူး ဦးကျော်မြင့်က ပြောကြားသည်။ 

'' ကားဂိတ်တွေကို ပုံမှန်ဈေးနှုန်းထက် ပိုမရောင်းဖို့ ယကက(ယာဉ်လုပ်ငန်းများ ကြီးကြပ်ရေးကော်မတီ) ကလည်း ညွှန်ထားပါတယ်။ ကျွန်တော်တို့ကလည်း ညွှန်ကြားထားပါတယ်။ မြို့ပေါ်ရှိတဲ့ဂိတ်တွေ ဂိတ်ခွဲတွေကို ရုံးစာထုတ်ပေးရင်းနဲ့ ရှင်းပြရင်းနဲ့ တစ်ဂိတ်ချင်းသွားလိုက်တာပါ။ Express ဂိတ်ကြီးငါးဂိတ်နဲ့ ဂိတ်ခွဲငါးဂိတ် စုစုပေါင်း ၁၀ ဂိတ်ပါ။ သာစည်နှစ်ဂိတ်လည်း ပြီးသွားပြီ။ မလှိုင်နဲ့ ဝမ်းတွင်းမှာတော့ သက်ဆိုင်ရာမြို့နယ်တာဝန်ခံကိုပဲ ဆက်ခိုင်းမယ် " ဟု ဦးကျော်မြင့်က ရှင်းပြသည်။ 

ပြီးခဲ့သည့်နှစ် သင်္ကြန်ကာလ ရုံးပိတ်ရက်များအတွင်းက မြန်မာနိုင်ငံတစ်ဝှမ်းရှိ အဝေးပြေးယာဉ်လိုင်းများမှ ယာဉ်စီးခနှုန်းကို သတ်မှတ်နှုန်းထားထက် ပိုမိုကောက်ခံခြင်း၊ မူလဝယ်ယူထားသည့် ခုံနံပါတ်နှင့် ယာဉ်စီးနင်းရာတွင် လွဲမှားနေခြင်း၊ ခရီးသည်ကို သတ်မှတ်နေရာသို့ ရောက်ရှိအောင်ပို့မပေးခြင်း၊ ခရီးစဉ်ကို အချိန်နှင့်တပြေးညီ မထွက်ခွာခြင်း၊ လက်မှတ်ဝယ်ယူရာတွင် ကြေညာထားသည့်နေ့ရက်တွင် အမှန်တကယ် မဝယ်ယူခြင်းစသည့် တိုင်ကြားမှုများကို စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန စားသုံးသူရေးရာဦးစီးဌာနမှ ဖြေရှင်းပေးခဲ့ရကြောင်း အဆိုပါဦးစီးဌာနက ထုတ်ပြန်ထားသည်။ 

'' မိတ္ထီလာကနေ ရန်ကုန်ဘက်ကိုသွားဖို့ကတော့ ဒီကဂိတ်တွေမှာ လက်မှတ်ပေါတယ်။ ဒါပေမဲ့ ရန်ကုန်ကနေ မိတ္ထီလာဘက်ကို ပြန်လာဖို့တော့ ဧပြီ(၆) ရက်နေ့နောက်ပိုင်းမှာ လက်မှတ် သိပ်မရှိတော့ဘူးလို့ သိရတယ် '' ဟု ရန်ကုန်မြို့တွင် သွားရောက်ကာ တာဝန်ထမ်းဆောင်နေသော မိတ္ထီလာ ဒေသခံ အစိုးရဝန်ထမ်းတစ်ဦးက ပြောဆိုသည်။ 

ဓာတ်ပုံ - ဦးကျော်မြင့်
The Voice

0 comments:

Post a Comment