Wednesday, April 3, 2019

အမျိုးသားကြီးပွားတိုးတက်ရေးကုမ္ပဏီ၏ အုပ်ချုပ်မှုဒါရိုက်တာ ဦးထွန်းအောင်စိုး၊ ဦးမျိုးအောင်နှင့် ဦးဆန်နီတို့အပေါ် အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေဖြင့် အမှုဖွင့်လှစ်အရေးယူ


မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းမြို့နယ်၊ မိုးထိမိုးမိဒေသရှိ အကြီးစားရွှေလုပ်ကွက်များတွင် တရားမဝင် ရွှေသတ္ထုတူးဖော်သူ များနှင့် အဂတိလိုက်စား၍ ရွှေခိုးထုတ်ရာတွင် ပူးပေါင်းပါဝင်သော တာဝန်ကျဝန်ထမ်းများအား စုံစမ်းဖော်ထုတ်အရေးယူပေးပါရန် ဉီးထွန်းအောင်စိုး (အမျိုးသားကြီးပွားတိုးတက်ရေးကုမ္ပဏီ၏ အုပ်ချုပ်မှုဒါရိုက်တာ) က အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင် သို့ တိုင်ကြားခဲ့ပါသည်။ 
၎င်း၏တိုင်ကြားစာအရ ဦးထွန်းအောင်စိုး ဖော်ညွှန်းသော သက်သေများနှင့် ဆက်စပ်သက်သေများ၏ ထွက်ဆိုချက်အရ မိုးထိမိုးမိဒေသ ရွှေတူးဖော်ထုတ်လုပ်ရေးလုပ်ကွက်ကြီး (A)ရှိ ပိတ်ထားသော Adit အတွင်း၌ ဖမ်းဆီးရမိခဲ့ပြီး ပြည်သူပိုင်ပစ္စည်းကာကွယ်ရေးအက်ဥပဒေ ပုဒ်မ၆(၁)ဖြင့် အမှုဖွင့်တိုင်ကြားခြင်း ခံခဲ့ရသည့် ဦးအေးကိုပါ (၁၀)ဦးတို့အား ဦးထွန်းအောင်စိုး ညွှန်ကြားသည့်အတိုင်း သတ္ထုတွင်းဝန်ထမ်းနှင့် လုံခြုံရေးရဲများကို ငွေပေး၍ သတ္ထုခိုးတူးခြင်း ဖြစ်သည်ဟု ပြောဆိုပေးရန် ဦးမျိုးအောင်နှင့် ဦးဆန်နီတို့သည် ရမည်းသင်း အကျဉ်းထောင်တွင် သွားရောက်တွေ့ဆုံ သင်ကြားပေးခြင်း၊ အမှုသက်သာအောင် ဆောင်ရွက်ပေးမည်ဟု သွေးဆောင်ပြောကြားခြင်း၊ ရွှေဟင်္သာဟိုတယ်၌ သတင်းသမားများနှင့် တွေ့ဆုံစဉ် ဦးသိန်းမြင့်ပါ (၄)ဉီးအား မမှန်မကန်သောအချက်များကို ထုတ်ဖော်ပြောကြားစေရန် ဆောင်ရွက်ပေးခဲ့ပြီး မမှန်မကန်သော အချက်အလက်များကို ရေးသားတိုင်ကြားစေရန် စီစဉ် ဆောင်ရွက်ခဲ့ကြောင်း၊ ဦးထွန်းအောင်စိုးသည် ၎င်းတို့ကုမ္ပဏီနှင့် အကျိုးတူပူးပေါင်း လုပ်ကိုင်ခဲ့သည့် ကုမ္ပဏီအဖွဲ့(၈)ဖွဲ့ အမည်ကို အလွဲသုံးစားပြုပြီး သတ္ထုတွင်းဝန်ထမ်းများနှင့် လုံခြုံရေးရဲတပ်ဖွဲ့များက ငွေကြေးများရယူပြီး တရားမဝင် ရွှေခိုးတူးခွင့်ပြုကြောင်း၊ ရွှေခိုးတူးသူများအား လာဘ်ငွေရယူ၍ ပြန်လွှတ်ခဲ့သည်ဟု မမှန်မကန် စွပ်စွဲတိုင်ကြားစာများ ပေးပို့ခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်သဖြင့် သတ္ထုတွင်းဝန်ထမ်းများနှင့် ရဲတပ်ဖွဲ့ဝင် များအား နစ်နာစေရန်ရည်ရွယ်၍ အဂတိလိုက်စားမှု ကျူးလွန်သည်ဟု မမှန်မကန်တိုင်ကြားသူ အမျိုးသားကြီးပွားတိုးတက်ရေးကုမ္ပဏီ၏ အုပ်ချုပ်မှုဒါရိုက်တာ ဦးထွန်းအောင်စိုးအပေါ် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၉ အရ လည်းကောင်း၊ မမှန်မကန် တိုင်ကြားရာတွင် အားပေးကူညီခဲ့သည့် ဦးမျိုးအောင်နှင့် ဦးဆန်နီတို့အပေါ် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၉/၆၃ အရ လည်းကောင်း အရေးယူဆောင်ရွက်ရန် နေပြည်တော်ကောင်စီ နယ်မြေ၊ ဇမ္ဗူသီရိမြို့မရဲစခန်းတွင် ၃-၄-၂၀၁၉ ရက်နေ့၌ ပထမသတင်းပေး တိုင်ကြားချက်ဖွင့်လှစ်၍ တရားစွဲဆိုအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်သို့ ပေးပို့လာသော တိုင်ကြားစာများအနက် ရာခိုင်နှုန်း တစ်ခုသည် သဘောရိုးဖြင့် မှားယွင်းတိုင်ကြားသည့် တိုင်ကြားစာများဖြစ်ကြောင်း စိစစ်တွေ့ရှိရ၍ တိုင်ကြားသူများအပေါ် ကော်မရှင်က အရေးယူဆောင်ရွက်ခြင်း မရှိခဲ့ပါ။ သို့ရာတွင် ပုဂ္ဂိုလ်တစ်ဦးတစ်ယောက်အား နစ်နာစေရန် သို့မဟုတ် ဂုဏ်သရေပျက်စေရန် ရည်ရွယ်ချက်ဖြင့် အဂတိလိုက်စားမှု ကျူးလွန်သည်ဟု မမှန်မကန်တိုင်ကြားကြောင်း စစ်ဆေးပေါ်ပေါက်ပါက မမှန်မကန်တိုင်ကြားသူအပေါ် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၉ အရ အရေးယူရပါသည်။ ယခုဖြစ်စဉ်တွင် သတ္ထုတွင်း ဝန်ထမ်းများနှင့် လုံခြုံရေးရဲတပ်ဖွဲ့ဝင်များအား တမင်နစ်နာစေရန် ရည်ရွယ်ချက်ရှိရှိဖြင့် အချိန်ယူစီစဉ်ခဲ့ပြီး မမှန်မကန် တိုင်ကြားကြောင်း လုံလောက်သည့် အထောက်အထား များရှိကြောင်း စိစစ်တွေ့ရှိရ၍ ဦးထွန်းအောင်စိုးပါ (၃)ဦးအပေါ် အထက်ပါကဲ့သို့ အရေးယူရခြင်းဖြစ်ကြောင်း သိရှိနိုင်ရန် ACC Myanmar က သတင်းဖော်ပြထားသည်။ 

Credit - ACC Myanmar 
The Ladies News

0 comments:

Post a Comment