Friday, April 26, 2019

တောင်ငူမြို့တွင် နှစ်ပေါင်း ၅၀ ကျော်အတွင်း အမြင့်ဆုံး အပူချိန်စံချိန်သစ် တင်ခဲ့ပြီး ကျန်မြို့ခုနစ်မြို့တွင် အပူချိန် စံချိန်သစ်တင်


ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့တွင် ဧပြီ ၂၅ ရက်က နှစ်ပေါင်း ၅၀ ကျော်အတွင်း အမြင့်ဆုံးအပူချိန်အဖြစ် စံချိန်သစ်တင်ခဲ့ပြီး ကျန်မြို့ ခုနစ်မြို့တွင် အပူချိန် စံချိန်သစ်တင်ခဲ့ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာန၏ ထုတ်ပြန်ချက်အရသိရသည်။ 
တောင်ငူမြို့တွင် အပူချိန်ဆက်လက်မြင့်တက်ပါက လေပြင်းတိုက်ခြင်း၊ မိုးသီးကြွေ ခြင်းနှင့် မိုးကြိုးပစ်ခြင်းတို့ ကြုံတွေ့ရနိုင်ကြောင်း တောင်ငူမြို့နယ် မိုးဇလဦးစီးမှူး ဦးမျိုးမြင့်အောင်က သုံးသပ်ပြောကြားခဲ့ကြောင်း သိရသည်။ 

တောင်ငူမြို့၏အပူချိန်မှာ ဧပြီ ၂၅ ရက် တွင် ၄၄ ဒသမ ၅ ဒီဂရီစင်တီဂရိတ်အထိရှိခဲ့ရာ ပြီးခဲ့သော နှစ်ပေါင်း ၅ဝကျော် အတွင်းရှိခဲ့သော လအလိုက်သော်လည်းကောင်း၊ နှစ်အလိုက် သော်လည်းကောင်း အမြင့်ဆုံးတင်ရှိခဲ့သော အပူချိန်များ၏ စံချိန်ကိုကျော်လွန်၍ စံချိန်သစ်တင်ခဲ့ခြင်းဖြစ်ကြောင်း တောင်ငူမြို့နယ် မိုးဇလဦးစီးမှူးရုံးမှ သိရသည်။ 

တောင်ငူမြို့နယ် မိုးဇလဦးစီးမှူး ဦးမျိုးမြင့်အောင်က “ဧပြီလစံချိန်က ၄၃ ဒသမ ၃ ဒီဂရီစင်တီဂရိတ်ဆိုတာ၊ အဲဒါက၂၀၁၆ တုန်း က အခုဟာက တစ်နှစ်လုံးရဲ့ စံချိန်ကိုပါ ကျိုးသွားတာ။ တို့ဆီမှာ အမြင့်ဆုံး Record က ၄၄ ဒီဂရီစင်တီဂရိတ်၊ အဲဒါက ၂၀၁၆ ခုနှစ်ပဲ။ ၂၀၁၆ ခုနှစ် မေ ၁၅ ရက်မှာ အခုဘယ်လိုပြောမလဲဆိုတော့ ၁၉၅၁ ခုနှစ်ကနေ လက်ရှိကာလအထိမှာ ၄၄ ဒသမ ၅၊ ဒီနေ့စံချိန်က အမြင့်ဆုံးပဲ” ဟု ဆိုသည်။ 

မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ထုတ်ပြန်ချက်များအရ တိုင်းနှင့် ပြည်နယ်အချို့မှထူးခြားသော နေ့အပူချိန်များမှာ ကချင်ပြည်နယ်တွင် ဧပြီလ၏ ပုံမှန် အပူချိန်ထက် ၅ ဒီဂရီစင်တီဂရိတ်၊ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ဧရာဝတီတိုင်း ဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကယား ပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့ တွင် ဧပြီလ၏ ပုံမှန်အပူချိန်တို့ထက် ၃ ဒီဂရီ စင်တီဂရိတ်မှ ၄ ဒီဂရီစင်တီဂရိတ်အထိနှင့် စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် ဧပြီလ၏ ပုံမှန်အပူချိန်တို့ထက် ၂ ဒီဂရီစင်တီ ဂရိတ်ပိုခဲ့ပြီး ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် ဧပြီလ၏ ပုံမှန်အပူချိန်ခန့်သာရှိခဲ့ ပါသည်။ ထူးခြားသည့်နေ့အပူချိန်များမှာ ချောက်မြို့တွင် ၄၅ ဒီဂရီစင်တီဂရိတ်၊ အောင်လံမြို့၊ တောင်တွင်းကြီးမြို့၊ ဂန့်ဂေါမြို့၊ ပေါက်မြို့၊ ဆင်ဖြူကျွန်းမြို့၊ တောင်ငူမြို့နှင့် ဘော်လခဲမြို့တို့တွင် ၄၃ ဒီဂရီစင်တီဂရိတ်စီတို့ဖြစ်ကြောင်း သိရသည်။ 

ထို့ပြင် လတ်တလော ရာသီဥတုအခြေအနေများအရ လာမည့်ရက်ပိုင်းတွင်လည်း ပဲခူးတိုင်းဒေသကြီးအတွင်း၌ အပူချိန်ဆက်ရှိနေနိုင်ကြောင်းနှင့် အပူချိန်ရက်ဆက် မြင့်တက်လာချိန်တွင်လေပြင်းတိုက်ခြင်း၊ မိုးသီး ကြွေခြင်းနှင့် မိုးကြိုးပစ်ခြင်းတို့ကဲ့သို့သော ဆိုးရွားသည့် ရာသီဥတုများလည်း ကြုံတွေ့ရလေ့ရှိကြောင်း မိုးဇလဦးစီးမှူး ဦးမျိုးမြင့်အောင်က သုံးသပ်ထားသည်။ 

ယင်းအခြေအနေနှင့် ပတ်သက်ပြီး တောင်ငူမြို့နယ် မိုးဇလဦးစီးမှူး ဦးမျိုးမြင့်အောင်က “ဒီနှစ်က အားပျော့တဲ့အခြေအနေရှိတယ်။ အယ်နီညိုဖြစ်တဲ့နှစ်တွေက ဒီလိုချည်းပဲ။ အယ်နီညိုဖြစ်လို့ရှိရင် ပူပြင်းခြောက် သွေ့တာကိုး။ ဒီလတွေက တစ်မြို့မဟုတ်တစ် မြို့က စံချိန်တွေတင်နေတာပဲ။ အခု ချောက် ဆိုလို့ရှိရင် ၄၆ ဖြစ်နေပြီ။ချောက်မြို့ရဲ့စံချိန်က ၄၆ ဒသမ ၃ လားမသိဘူး။အဲဒါတွေပေါ့။မြန်မာနိုင်ငံမှာရှိတဲ့ အမြင့်ဆုံးအပူချိန်က ၂၀၀၉ လား ၂၀၁၁ လားမသိဘူး။ ၄၇ ဒသမ ၂ အထိ ရှိတယ်။ အဲဒါမြန်မာတစ်နိုင်ငံလုံးမှာ အမြင့်ဆုံး အပူချိန်ပေါ့။ အခုဟာက ငါတို့က ၄၄ ဒသမ ၅ ဆိုတော့ ချောက်လောက်တော့ မပူဘူး။ ဒါပေမဲ့ ငါတို့ဒေသနဲ့ဆိုရင် ဒါအပူဆုံးပေါ့။ အပူချိန်က ဒီရက်ပိုင်းတော့ရှိနေဦးမှာ။ ရှိနေဦးမှာဆိုတာက အောက်ပိုင်းတော့ မိုးရစရာရှိတာ။ အောက်ပိုင်းဆိုတာက တနင်္သာရီတိုင်း လိုဟာမျိုး ဧရာဝတီတိုင်းအောက်ပိုင်းလိုဟာ မျိုးပေါ့။ အလယ်ပိုင်းအထိကို မိုးမပါဘူး။ ဒီလမ်းကြောင်းအတိုင်းဆို ငါတို့ဆီမှာမိုးရစရာ မရှိဘူး။ ပူနေဦးမှာ အဲတော့ပူတဲ့အခါလည်း ကြောက်ရတယ်။ ဘာဖြစ်လို့တုန်းဆိုတော့ အပူကြောင့်ပြန်တက်တဲ့ အချိန်ပေါ့နော်။အပူကနေပြီးတော့ မိုးတိမ်တောင်ဖြစ်ပြီးတော့ လေပြင်းတိုက်တာတို့ဖြစ်တာ။ အဲဒီလို စံချိန်တင် ပူတာတွေ နှစ်ရက် သုံးရက်ဖြစ်လာပြီ ဆိုရင် အဲဒါ သတိထားရမယ်။ မွန်းလွဲပိုင်းနဲ့ ညနေပိုင်းတွေမှာ လေပြင်းတိုက်တာ။ မိုးသီး ကြွေတာနဲ့ မိုးကြိုးပစ်တာတွေပေါ့နော်။ အဲဒီ တိမ်တွေဖြတ်သွားတဲ့ လမ်းတစ်လျှောက်မှာ အဲလိုမျိုးဆိုးတဲ့ရာသီဥတုတွေ ဖြစ်လေ့ဖြစ်ထ ရှိတယ်။အဲလိုမျိုး တအားပူလို့ရှိရင်လည်း မွန်းလွဲပိုင်းနဲ့ညနေပိုင်းတွေမှာ ဂရုစိုက်ရမယ်” ဟု ဆက်လက်ရှင်းပြသည်။ 

မိုးဇလဦးစီးဌာနမှတိုင်းထွာချက်များအရ အီကွေတာအနီး အိန္ဒိယသမုဒ္ဒရာနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော ဘင်္ဂလားပင်လယ်အော် အရှေ့တောင်ပိုင်းတို့တွင် ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်းသည် ဆက်လက်တည်ရှိနေပြီး အဆိုပါ လေဖိအား နည်းရပ်ဝန်းသည် ပိုမိုအားကောင်းလာကာ နောက် ၂၄ နာရီအတွင်း မုန်တိုင်းငယ် (Depression) အဖြစ်သို့ ရောက်ရှိနိုင်သည်ဟု ခန့်မှန်းရကြောင်း မိုးဇလဦးစီးဌာန၏ ဧပြီ ၂၅ ရက် မြန်မာစံတော်ချိန် ညနေ ၄ နာရီ ထုတ်ပြန်ချက်များအရ သိရသည်။ 

Eleven Media Group

0 comments:

Post a Comment