Sunday, April 28, 2019

အားအလွန်ကောင်းသော ဆိုင်ကလုန်းမုန်တိုင်းဖြစ်လာမည့် ဆိုင်ကလုန်းမုန်တိုင်းဖန်နီ၏ ဖြတ်ကျော်ဝင်ရောက်ခြင်းခံရပါက ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် မုန်တိုင်းကြောင့် သက်ရောက်လာမည့် သဘာဝဘေးဒဏ်ကို ဆိုးရွားစွာခံရနိုင်သဖြင့် အထူးသတိပြုရန်လိုအပ်


ဘင်္ဂလားပင်လယ်အော်တွင် ဖြစ်ပေါ်နေခဲ့သည့် အားကောင်းသည့် ဆိုင်ကလုန်းမုန်တိုင်းဖန်နီသည် ဧပြီ ၃၀ ရက် နံနက် အစောပိုင်းခန့်တွင် အားအလွန်ကောင်းလာဖွယ် ရှိသည့်အပြင် နိုင်ငံတကာ မိုးဇလပညာရှင်များ ခန့်မှန်းတွက်ချက်ထားသည့် မုန်တိုင်း၏ ဦးတည်ရာလမ်းကြောင်း နှစ်ခုအနက် တစ်ခုသည် ရခိုင်ပြည်နယ်မြောက်ပိုင်းနှင့် ဘင်္ဂလားဒေ့ရှ်နယ်စပ်ဘက်သို့ ဖြစ်ကြောင်း သိရသည်။ 
ရခိုင်မြောက်ပိုင်းသို့ ဆိုင်ကလုန်းမုန်တိုင်းဖန်နီ ဖြတ်ကျော်ဝင်ရောက်ခဲ့ပါက ယင်း ဒေသတွင် မုန်တိုင်းကြောင့် သက်ရောက်လာမည့် သဘာဝဘေးဒဏ်ကို ဆိုးရွားစွာခံရနိုင်သဖြင့် အထူးသတိပြုရန် လိုအပ်လျက်ရှိကြောင်း မိုးဇလညွှန်ချုပ်၏ ပြောကြားမှုအရ သိရသည်။ 

ဧပြီ ၂၇ ရက်တွင် ဆိုင်ကလုန်းမုန်တိုင်းအဖြစ် စတင်ရောက်ရှိခဲ့သည့် ဆိုင်ကလုန်းမုန်တိုင်းဖန်နီသည့် ဆက်လက်အားကောင်းလျက်ရှိရာ ဧပြီ ၂၈ ရက် မွန်းလွဲပိုင်းတွင် သီရိလင်္ကာနိုင်ငံ ထရင်ကိုမာလီမြို့(Trincomalee)၏ အရှေ့-အရှေ့တောင်ဘက် ၄၀၅ မိုင်ခန့်၊ အိန္ဒိယနိုင်ငံ ချင်းနိုင်မြို့၏ အရှေ့တောင်ဘက် မိုင် ၅၇၀ ခန့်၊ မာချီလီပတ္တနမ်မြို့ (Machilipatnam)၏ တောင်-အရှေ့တောင်ဘက် မိုင် ၆၆၀ ခန့်အကွာ ပင်လယ်ပြင်ကိုဗဟိုပြုလျက် ဗဟိုချက်လေဖိအား ၉၉၉ ဟက်တိုပါစကယ်နှင့် အမြင့်ဆုံးလေတိုက်နှုန်းမှာ တစ်နာရီလျှင် မိုင် ၅၀ နှုန်းဖြင့် တိုက်ခတ်လျက်ရှိကြောင်း သိရသည်။ 

အဆိုပါ ဆိုင်ကလုန်းမုန်တိုင်းဖန်နီသည် ဆက်လက်အားကောင်းလျက်ရှိရာ ဧပြီ ၃၀ ရက် နံနက်အစောပိုင်းတွင် အားအလွန်ကောင်းသည့် ဆိုင်ကလုန်မုန်တိုင်းအဆင့်သို့ ရောက်ရှိနိုင်ပြီး ယင်းနောက် တစ်ရက်ခွဲခန့်ကာလအတွင်း ရခိုင်မြောက်ပိုင်း သို့မဟုတ် အိန္ဒိယနိုင်ငံအတွင်းသို့ ဖြတ်ကျော်ဝင်ရောက်နိုင်မည့် အခြေအနေများရှိကြောင်း သိရသည်။ 

ယင်းသို့ အားအလွန်ကောင်းလာမည့် ဆိုင်ကလုန်မုန်တိုင်းဖန်နီ ဖြတ်ကျော်မည့် ဦးတည်ရာနှစ်ခုအနက် တစ်ခုဖြစ်သည့် ရခိုင်မြောက်ပိုင်းသို့ မုန်တိုင်းဖြတ်ကျော်ပါက ပြင်းထန်သည့် မုန်တိုင်းအန္တရာယ်အပြင် မုန်တိုင်းကြောင့် ဖြစ်ပေါ်လာမည့် မုန်တိုင်း ဒီရေတက်ခြင်း၊ တောင်ကုန်း တောင်တန်းဒေသများတွင် တောင်ကျချောင်းရေ ရုတ်ခြည်းကျဆင်းနိုင်ခြင်း၊ လေပြင်းတိုက်ခတ်ခြင်း၊ မိုးကြိုးပစ်ခြင်းစသည့် သဘာဝ ဘေးဒဏ်များကို ဆိုးရွားစွာ ခံရနိုင်ဖွယ်ရှိနေကြောင်း သိရသည်။ 

“ကျွန်တော်တို့ သင်္ချာပုံစံပြုမော်ဒယ်တွေရဲ့ တွက်ချက်မှုတွေရယ်၊ UWMCG တို့ရဲ့ ခန့်မှန်းတွက်ချက်မှုတွေမှာက မုန်တိုင်းက နောက် ၃၆ နာရီအတွင်း အားအလွန်ကောင်းတဲ့ ဆိုင်ကလုန်းမုန်တိုင်း ဖြစ်လာနိုင်တယ်။ ပြီးတော့ နောက် ၇၂ နာရီအတွင်း မြောက်-အရှေ့မြောက်ဘက်ကို ဦးတည်ရွေ့လာနိုင်တယ်။ လမ်းကြောင်းက အခုနှစ်မျိုးဖြစ်နေတယ်။ တစ်မျိုးက ရခိုင်မြောက်ပိုင်းနဲ့ ဘင်္ဂလားဒေ့ရှ်အစပ်နေရာပေါ့။ အဲဒီလမ်းကြောင်းအတိုင်း မုန်တိုင်းဖြတ်ခဲ့ရင်တော့ မုန်တိုင်းဒဏ်အပြင် မုန်တိုင်းကြောင့် ဖြစ်လာမယ့် မုန်တိုင်းဒီရေတက်တာတွေ၊ နောက် တောင်ကုန်းတောင်တန်းဒေသတွေမှာ ရုတ်တရက် တောင်ကျချောင်းရေ ကျဆင်းတာတွေ၊ လေပြင်းတို့ မိုးကြိုးပစ်တာတို့လို သဘာဝဒဏ်တွေကြုံတွေ့လာရနိုင်တယ်။ အဲဒီအတွက် သတိထား စောင့်ကြည့်မှုတွေလုပ်နေပါတယ်” ဟု မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာကျော်မိုးဦးက ပြောကြားသည်။ 

သို့ရာတွင် ယင်းဆိုင်ကလုန်းမုန်တိုင်းသည် အိန္ဒိယနိုင်ငံအတွင်းသို့ ဝင်ရောက်ပြီး ကုန်းတွင်းပိုင်းမုန်တိုင်းအဖြစ် အားလျော့သွားသည့် အချိန်မှ မြန်မာနိုင်ငံအတွင်း ဝင်ရောက်မည့် လမ်းကြောင်းအတိုင်း ဦးတည်ရွေ့လျားခဲ့ပါက မိုးကြီးခြင်း၊ လေပြင်းတိုက်ခတ်ခြင်းတို့ကဲ့သို့သော အခြေအနေမျိုးကို ကြုံတွေ့ရဖွယ်ရှိပြီး မုန်တိုင်း၏ အန္တရာယ်ကို ဆိုးရွားစွာခံရဖွယ်မရှိကြောင်း သိရသည်။ 

ဧပြီနှင့် မေလသည် မြန်မာနိုင်ငံသို့ မုန်တိုင်းများ ဝင်ရောက်တတ်သည့် ကာလဖြစ်ပြီး မြန်မာနိုင်ငံအတွက် သမိုင်းတစ်လျှောက် အဆိုးရွားဆုံးသော သဘာဝဘေးအန္တရာယ်များတွင် အပါအဝင်ဖြစ်သည့် နာဂစ်မုန်တိုင်းသည် ၂၀၀၈ ခုနှစ် မေ ၂ ရက်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။       

Eleven Media Group 

0 comments:

Post a Comment