Sunday, April 28, 2019

ကော့သောင်းမြို့ ပင်လယ်ပြင်တွင် မူးယစ်ဆေးဝါးများ သယ်ဆောင်လာသော လှေတစ်စင်းကို တပ်မတော် (ရေ) က ဖမ်းဆီးခဲ့ပြီး ICE တစ်ကီလိုပါ ၁၂၃၈ ထုပ် သိမ်းဆည်းရမိ


ကော့သောင်းမြို့ရေပြင်တွင် ICE မူးယစ်ဆေးဝါးများ သယ်ဆောင်လာသော လှေတစ်စင်းကို တပ်မတော် (ရေ) မှ လိုက်လံဖမ်းဆီးခဲ့ရပြီး တစ်ကီလိုပါ အထုပ်ပေါင်း ၁၂၃၈ ထုပ်အား သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။ 
မြန်မာ့တပ်မတော် (ရေ) စစ်ရေယာဉ် ၅၆၇ မှ ဗိုလ်မှူးသောင်းထူး ဦးစီးသောအဖွဲ့သည် မြန်မာ့ပင်လယ်ပြင်အတွင်း ဧပြီ ၂၆ ရက်က ကင်းလှည့်ဆောင်ရွက်နေစဉ် မြောက်လတ္တီကျူ ၁၀ ဒီဂရီ ၂၄ ဒသမ ၄ မိနစ် အရှေ့လောင်ဂျီကျူ ၉၅ ဒီဂရီ ၃၂ ဒသမ ၉ မိနစ်တွင် မြောက်မှတောင်ဘက်သို့ ခုတ်မောင်းနေသော မသင်္ကာဖွယ်ရာ လှေတစ်စင်းကို တွေ့ရှိရသဖြင့် စစ်ဆေးရန် သွားရောက်ခဲ့ကြောင်း သိရသည်။ မသင်္ကာဖွယ်ရာ လှေအနီးသို့ရောက်ရန် တစ်မိုင်ခန့်အလိုတွင် လှေအား အချက်ပြခေါ်ယူရာ လာရောက်ခြင်းမရှိဘဲ လှေပေါ်မှ အထုပ်များပစ်ချကာ တောင်ဘက်သို့ ခုတ်မောင်းထွက်ပြေးသွားကြောင်း သိရသည်။ 

မောင်းနှင်ထွက်ပြေးနေသည့်လှေအား လက်နက်ငယ်များဖြင့် ခြောက်လှန့်ပစ်ခတ်ဖမ်းဆီးရာ Roe Bank, ခရစ်တီးနားကျွန်းအနီးတွင် ဖမ်းဆီးနိုင်ခဲ့ကြောင်း သိရသည်။ လှေအားစစ်ဆေးရာ အောင်ပြည့်စုံ - ၁ အမည်ရှိ မူးယစ်ဆေးဝါးများ သယ်ဆောင်သည့်လှေဖြစ်ပြီး အလျားပေ ၇၀ အနံ ၁၄ ပေ၊ ရေစူး ခုနစ်ပေရှိသော စက်မကြီး HNOKE 100 ခြောက်လုံးထိုးနှင့် HP 280 တစ်လုံးထိုးလှေ ဖြစ်နေကြောင်း သိရသည်။ မူးယစ်ဆေးဝါးများ သယ်ဆောင်သည့် လှေပေါ်မှ မြန်မာတရားခံ ခုနစ်ဦးအား ဖမ်းဆီးရမိခဲ့ကာ ရေထဲသို့ပစ်ချခဲ့သည့်အိတ်အား လိုက်လံဆယ်ယူပြီး စစ်ဆေးခဲ့ရာ Refined Chinese Tea စာတန်းပါ အစိမ်းနုရောင် ပလတ်စတစ်ဖြင့် ထုပ်ထားသည့် တစ်ကီလိုပါ ICE မူးယစ်ဆေး ၁၂၃၈ ထုပ်အား သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။ 

တရားခံများအား စစ်ဆေးရာ ဖမ်းမိလှေပိုင်ရှင်မှာ လှေပေါ်တွင်ပါလာသည့် ပဲ့နင်း ဦးဝေလင်း (မြို့ရှောင်လမ်း၊ အိုးအိမ်စု ရပ်ကွက်၊ မော်လမြိုင်မြို့)ဆိုသူဖြစ်ပြီး မူးယစ်ဆေးဝါးများ သယ်ဆောင်ရန် ဘားအံမြို့နယ် ထုံအိုင်ကျေးရွာအနီးမှ ဧပြီ ၂၂ ရက်တွင် ထွက်ခွာလာကြောင်း ထားဝယ်မြို့နယ် ပအော့ကျေးရွာအနီးတွင် မူးယစ်ဆေးဝါးများကို ဇော်ဦးဆိုသူက လှေငယ်ဖြင့် လာရောက်တင်ဆောင်ပေးခဲ့ကြောင်း ဧပြီ ၂၄ ရက်တွင် ပအော့ကျေးရွာမှ ထိုင်းနိုင်ငံ Similan ကျွန်း အနောက်တောင်ဘက် ၈၈ မိုင်ခန့်အကွာသို့ ပို့ဆောင်ရန်ထွက်ခွာလာစဉ် မြန်မာ့တပ်မတော် (ရေ)၏ ဖမ်းဆီးခြင်းကို ခံခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။ 

ဖမ်းဆီးရမိသည့် မူးယစ်ဆေးဝါးများ၊ လှေနှင့်တရားခံ ခုနစ်ဦးကို ကော့သောင်းမြို့၊ ဘုရင့်နောင်ဆိပ်ခံတံတားသို့ ဧပြီ ၂၇ ရက် ညနေပိုင်းတွင် လာရောက်အပ်နှံပေးခဲ့ပြီး ကော့သောင်းရဲတပ်ဖွဲ့မှ အမှုဖွင့်အရေးယူနိုင်ရန် ဆောင်ရွက်နေကြောင်း သိရသည်။ ကော့သောင်းမြို့ ရေပြင်တွင် ပြီးခဲ့သည့် မတ်၂၄ ရက်ကလည်း ICE မူးယစ်ဆေးဝါး ၁၇၃၇ ထုပ်အား မြန်မာ့ရေတပ်မှ ဗိုလ်မှူးညီညီနိုင် ဦးစီးသောစစ်ရေယာဉ် T-201 မှ မြောက်တော်ဝင်ကျွန်းအနီးတွင် ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ 

Eleven Media Group 

0 comments:

Post a Comment