Sunday, April 28, 2019

ခေတ်သစ်ပိုးလမ်းမစီမံကိန်းတွင် ဘင်္ဂလားဒေ့ရှ်-တရုတ်-အိန္ဒိယ-မြန်မာ လေးနိုင်ငံ စီပွားရေးစင်္ကြံလမ်း မပါဝင်တော့


တရုတ်နိုင်ငံက အကောင်အထည်ဖော်ဆောက်လုပ်မယ့် ခေတ်သစ်ပိုးလမ်းမ စီမံကိန်းစာရင်းကို ဧပြီ(၂၇)ရက်နေ့က ထုတ်ပြန်ခဲ့ရာမှာ မူလက လျာထားခဲ့တဲ့ (BCIM) လို့ခေါ်တဲ့ ဘင်္ဂလားဒေ့ရှ်-တရုတ်-အိန္ဒိယ-မြန်မာ စီးပွားရေး စင်္ကြံလမ်းကို တရုတ်အစိုးရက ဖြုတ်ချထားခဲ့တယ်လို့ timesnownews သတင်းစာမျက်နှာမှာ ဖော်ပြထားပါတယ်။ 
ဒီစင်္ကြံလမ်းစီမံကိန်းကို တရုတ်အစိုးရက ဘာလို့ဖြုတ်ချထားခဲ့တယ်ဆိုတဲ့ အကြောင်းအရင်းကိုတော့မသိရသေးပါဘူး။ 
တရုတ်နိုင်ငံ ပေကျင်းမြို့မှာ ဧပြီ(၂၅)ရက်နေ့ကနေ ဧပြီ(၂၇)ရက်နေ့အထိ ကျင်းပခဲ့တဲ့ ခေတ်သစ်ပိုးလမ်းမစီမံကိန်း(BRI) နိုင်ငံတကာ အစည်းအဝေးကို သပိတ်မှောက်တဲ့အနေနဲ့ အိန္ဒိယနိုင်ငံကတော့ တက်ရောက်လာခဲ့ခြင်းမရှိပါဘူး။ 
ဒီစီမံကိန်းထဲမှာ ပါဝင်နေတဲ့ တရုတ်-ပါကစ္စတန် စီးပွားရေးစင်္ကြံလမ်း(CPEC)ဟာ အိန္ဒိယနဲ့ပါကစ္စတန်တို့ ပိုင်ဆိုင်မှုအငြင်းပွားနေတဲ့ ကက်ရှ်မီးယားဒေသ၊ ပါကစ္စတန်ဘက် အခြမ်းကို ဖြတ်ပြီး ဖောက်လုပ်မှာ ဖြစ်တာကြောင့် အိန္ဒိယက သိပ်သဘောကျခြင်းမရှိပါဘူး။ 
(CPEC)လိုပဲ မြန်မာနိုင်ငံနဲ့ ချိတ်ဆက်ဖောက်လုပ်မယ့် (BCIM)လမ်းဟာ ဒီခေတ်သစ်ပိုးလမ်းစီမံကိန်းရဲ့ ပင်မစီးပွားရေးစင်္ကြံ လမ်း(၆)ခုထဲမှာ ပါဝင်နေခဲ့ပါတယ်။ ဒီစင်္ကြံလမ်းဟာ တရုတ်အရှေ့ပိုင်း ခွင်းမင်မြို့ကနေ အိန္ဒိယနိုင်ငံ ကာလကတ္တားမြို့၊ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒါကာမြို့နဲ့ မြန်မာနိုင်ငံ မန္တလေးမြို့တို့ကို ချိတ်ဆက်ဖောက်လုပ်ဖို့ ရည်ရွယ်ထားခဲ့တာဖြစ်ပါတယ်။ 
တရုတ်အကောင်အထည်ဖော်နေတဲ့ ဒီခေတ်သစ်ပိုးလမ်းမ စီမံကိန်းကြောင့် တရုတ်နိုင်ငံဟာ အိမ်နီးချင်းအရှေ့နိုင်ငံတွေအပေါ် သြဇာလွှမ်းမိုးသွားမှာကို အိန္ဒိယဘက်က စိုးရိမ်မှုရှိနေတယ်လို့လည်း သတင်းမှာ ရေးသားထားပါတယ်။ ။ 

Translated by : Pyae Sone 
photo : thehindu
One News Myanmar 

0 comments:

Post a Comment