Sunday, April 28, 2019

ရန်ကုန်မြို့၏ အရှေ့နှင့်အနောက်၊ တောင်နှင့်မြောက် ဆက်သွယ်တည်ဆောက်မည့် ရန်ကုန်မိုးပျံအမြန်လမ်း စီမံကိန်းတစ်ခုလုံးကို အတိုးနှုန်းသက်သာပြီး နှစ် ၄၀ ချေးငွေစီမံကိန်းဖြစ်သည့် ဂျပန်အစိုးရ၏ အိုဒီအေချေးငွေဖြင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံအမတ်ကြီး ပြောကြား

ရန်ကုန်မြို့၏ အရှေ့နှင့်အနောက်၊ တောင်နှင့် မြောက် ဆက်သွယ်တည်ဆောက်မည့် ရန်ကုန်မိုးပျံအမြန်လမ်း စီမံကိန်းတစ်ခုလုံးကို အတိုးနှုန်းသက်သာပြီး နှစ် ၄၀ ချေးငွေစီမံကိန်းဖြစ်သည့် ဂျပန်အစိုးရ၏ အိုဒီအေချေးငွေဖြင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံအမတ်ကြီး Mr. Ichiro Maruyama ၏ ပြောကြားချက်အရ သိရသည်။ 
“ရန်ကုန်မြို့ရဲ့ အရှေ့နှင့်အနောက်၊ တောင်နှင့်မြောက် ဆက်သွယ်တည်ဆောက်မယ့် မိုးပျံရထား စီမံကိန်းတစ်ခုလုံးကို ဂျပန်အစိုးရရဲ့ အိုဒီအေချေးငွေနဲ့ပဲ တည်ဆောက်မှာဖြစ်ပါတယ်။ ချေးငွေလို့ဆိုရာမှာ တခြားနိုင်ငံတွေက ပေးတဲ့ချေးငွေတွေနဲ့ လုံးဝမတူပါဘူး။ အတိုးနှုန်းက သုည ဒသမ ၀၁ ရာခိုင်နှုန်းပါ။ ပြီးတော့ ပြန်ဆပ်တာက အနှစ် ၄၀ အနေနဲ့ ပြန်ဆပ်ရပါမယ်။ အနှစ် ၄၀ လို့ဆိုရာမှ ပထမ ၁၀ နှစ်က လုံးဝပြန်ဆပ်ဖို့မလိုပါဘူး။ နောက် အနှစ် ၃၀ မှ ပြန်ဆပ်ရမှာဖြစ်ပါတယ်။ အခု ဒီစီမံကိန်းတစ်ခုလုံးအတွက် ဘယ်လောက်ကုန်ကျမလဲဆိုတာကတော့ လေ့လာမှုတွေ ပြုလုပ်နေဆဲဖြစ်ပါတယ်” မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံအမတ်ကြီး Mr. Ichiro Maruyama က ဧပြီ ၂၈ ရက်က ပြောကြားခဲ့သည်။ 

မြန်နှုန်းမြင့် ရထားစနစ်ကို ရန်ကုန်မြို့ ရှိဘူတာကြီး - မင်္ဂလာဒုံလေဆိပ်နှင့် လှိုင်သာယာ -တိုးကြောင်ကလေး လမ်းပိုင်းနှစ်ခုတွင် စတင်အကောင်အထည်ဖော်ရန် ပြုလုပ်နေသည့် အသေးစိတ်လေ့လာမှု ၂၀၁၉ ခုနှစ် စက်တင်ဘာတွင် ပြီးစီးမည်ဖြစ်ကြောင်း သတင်းရရှိသည်။ 

ရန်ကုန်မြို့ပြ လူထုရထားပို့ဆောင်ရေး စီမံကိန်း YUMRT ဟု အမည်ပေးထားသည့် မြန်နှုန်းမြင့်ရထားစနစ်ကို ၂၀၁၉ နှစ် ကုန်ပိုင်းတွင် အကောင်အထည်ဖော်မည်ဖြစ်ပြီး ယင်းလမ်းပိုင်းများ အသေးစိတ်လေ့လာမှုများကို ဂျပန်နိုင်ငံ၏ အကူအညီဖြင့် ဆောင်ရွက်နေပြီး ယခုနှစ်ကုန်တွင် အပြီးသတ်အစီရင်ခံစာ ထွက်ရှိမည်ဖြစ်ကြောင်း ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနမှ သိရသည်။ 

အဆိုပါစီမံကိန်းအတွက် ကနဦးလေ့လာမှုကို ၂၀၁၆ သြဂုတ်မှ ၂၀၁၇ သြဂုတ်အထိ ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး လက်ရှိပြုလုပ်နေသည့် အသေးစိတ်လေ့လာမှုသည် ၂၀၁၉ စက်တင်ဘာတွင် ပြီးစီးမည်ဟုဆိုသည်။ ဂျပန်နိုင်ငံ JICA အနေဖြင့် လက်ရှိတွင် ရန်ကုန်မြို့ပတ်ရထား အဆင့်မြှင့်တင်ခြင်း စီမံကိန်းကိုလည်း ဆောင်ရွက်နေပြီး စီမံကိန်းပြီးစီးပါက မြို့ပတ်ရထားတစ်စင်းနှင့် တစ်စင်း ၁ဝမိနစ်မှ ၁၂မိနစ်ခြားစီ ပြေးဆွဲမည်ဖြစ်ပြီး မြို့တစ်ပတ်ကြာချိန်ကို လျှော့ချနိုင်မည်ဖြစ်ကာ ရထားစီးခရီးသည် နှစ်သိန်းလေးသောင်းခန့် သယ်ယူပို့ဆောင်နိုင်မည် ဖြစ်ကြောင်း သိရသည်။ 

လက်ရှိမြို့ပတ်ရထားလမ်းပိုင်းသည် ၂၉ မိုင်ခန့်ရှည်လျားပြီး မြို့တစ်ပတ်ခုတ်မောင်းချိန်အနေဖြင့် ၂ နာရီနှင့် မိနစ ၅၀ ကြာမြင့်ကြောင်းသိရသည်။ ရန်ကုန်မြို့ပတ် ရထားလမ်း အဆင့်မြှင့်တင်ခြင်း စီမံကိန်း ပြီးစီးပါက မြို့တစ်ပတ်ခုတ်မောင်းချိန် ၁ နာရီမိနစ် ငါးဆယ်ခန့်သာ ကြာမြင့်မည်ဖြစ်ကြောင်း သိရသည်။ မြို့ပတ်ရထားစီးနင်းသူ အနေဖြင့် လက်ရှိတွင် တစ်နေ့လျှင် ကိုးသောင်းခန့်ရှိရာမှ စီမံကိန်းပြီးစီးပါက တစ်နေ့လျှင် သုံးသိန်းခန့်ရှိလာနိုင်မည်ဟု သိရသည်။ 

Eleven Media Group

0 comments:

Post a Comment