Saturday, April 27, 2019

၂၀၁၉ ခုနှစ် ဇန်နဝါရီမှ မတ်လအထိ ပြည်ပခရီးသွားဝင်ရောက်မှု ယခင်နှစ်ကာလတူထက် နှစ်သိန်းကျော်တိုးလာပြီး တရုတ်ခရီးသွား အများဆုံးဝင်ရောက်


၂၀၁၉ ခုနှစ် ဇန်နဝါရီမှ မတ်လအထိ ပြည်ပခရီးသွားဝင်ရောက်မှု ယခင်နှစ် ဝင်ရောက်မှုထက် ၂၀၈၁၆၂ ဦး တိုးလာပြီး တရုတ်ခရီးသွား အများဆုံးဝင်ရောက်ကာ အနောက်နိုင်ငံမှ ခရီးသွားဝင်ရောက်မှု လျော့ကျကြောင်း အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီး ဌာနမှ သိရသည်။ 
ယခုနှစ်အတွင်း ပြည်ပခရီးသွား ဝင်ရောက်မှုတွင် အပျော်စီးသင်္ဘောဖြင့် လာရောက်သည့်ခရီးသွား ယခင်နှစ်ထက် ၁၅ ရာခိုင်နှုန်း လျော့ကျပြီး နယ်စပ်ဝင်ပေါက်မှ အတွင်းပိုင်းအထိ လာရောက်သူ ယခင်နှစ်ထက် ၁၄၄ ရာခိုင်နှုန်း တိုးလာသည်ဟု ထုတ်ပြန်ချက်တွင် ပါရှိသည်။ 

၂၀၁၈ ခုနှစ် ဇန်နဝါရီမှ မတ်လအထိ ပြည်ပခရီးသွား ၉၂၈၄၅၃ ဦး ဝင်ရောက်ပြီး ၂၀၁၉ ခုနှစ်ကာလတူတွင် ၁၁၃၆၆၁၅ ဦး ဝင်ရောက်လာသောကြောင့် ၂၀၈၁၆၂ ဦး တိုးတက်လာသည်ဟု ထုတ်ပြန်ချက်တွင် ပါရှိသည်။ 

မြန်မာနိုင်ငံသို့ နိုင်ငံခြားသား ခရီးသွား ဝင်ရောက်ရာတွင် ကမ္ဘာလှည့် ခရီးသွားများ၊ ပြည်တွင်း၌ ရင်းနှီးမြှုပ်နှံမှုနှင့် အခြားသော လုပ်ငန်းများ လုပ်ကိုင်ရန်အတွက် လာရောက်ခြင်းဖြစ်ကြောင်း သိရသည်။ 

“မနှစ်ကတော့ကတော့ လေးသန်းမှန်းတယ်။ ၃ ဒသမ ၅၅ မီလျံပဲ ဝင်တယ်။ ဒီနှစ်ကတော့ လေးသန်း၊ ငါးသန်းအထိ ဆက်မှန်းရမယ်။ ၂၀၂၀ မှာ ရေရှည်မျှော်မှန်းတဲ့ ခရီးသွားမျှော်မှန်းချက်က ခုနစ်မီလျံ။ ဒီလိုမျိုး လုပ်နိုင်ဖို့က ဆေးမြီးတိုနဲ့ လက်ပူတိုက်နေလို့မဖြစ်ဘူး။ တကယ့်ကို အစီအစဉ်ဆွဲရမယ်။ Promotion Plan ဆိုလည်း ထိထိရောက်ရောက် Research လုပ်ပြီးမှ သွားရမယ်” ဟု မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးသက်လွင်တိုးက ပြောကြားသည်။ 

အနောက်ခရီးသွားဝင်ရောက်မှုတွင် ယူကေ၊ ဆွစ်ဇာလန်၊ ရုရှား၊ ဘယ်လ်ဂျီယံ၊ နယူးဇီလန်ခရီးသွား ဝင်ရောက်မှု လျော့နည်းသွားပြီး ယူကေခရီးသွားသည် ၂၀၁၈ ခုနှစ် မတ်က ၁၃၅၆၁ ဦး ဝင်ရောက်ခဲ့ပြီး ယခုနှစ်တွင် ၁၁၅၃၁ ဦးသာ ဝင်ရောက်ကြောင်း၊ ဆွစ်ဇာလန်ခရီးသွား ယခင်နှစ်က ဦးရေ ၃၈၀၀ ဝင်ရောက်ခဲ့ပြီး ယခုနှစ်တွင် ၃၃၃၁ ဦးသာ ဝင်ရောက်ကြောင်း၊ ရုရှားခရီးသွား ယခင်နှစ်က ၂၁၃၂ ဦး ဝင်ရောက်ပြီး ယခုနှစ်တွင် ၁၉၀၁ ဦးသာ ဝင်ရောက်သည်ဟု ထုတ်ပြန်ချက်တွင် ပါရှိသည်။ 

အာဆီယံနိုင်ငံများမှ ခရီးသွားဝင်ရောက်မှုတွင် ထိုင်းနှင့်မလေးရှားခရီးသွား ဝင်ရောက်မှု လျော့နည်းခဲ့ပြီး ၂၀၁၈ မတ်လ အတွင်က ထိုင်းခရီးသွား ၈၆၃၆၇ ဦး ဝင်ရောက်ခဲ့ပြီး ယခုနှစ်တွင် ၇၇၁၃၂ ဦးသာ ဝင်ရောက်သောကြောင့် ၉၂၃၅ ဦး လျော့နည်းခဲ့ကြောင်း၊ မလေးရှားခရီးသွား ၂၀၁၈ ခုနှစ်က ၁၃၈၁၉ ဦး ဝင်ရောက်ပြီး ယခုနှစ် တွင် ၁၁၆၁၈ ဦး ဝင်ရောက်ကာ ၂၂၀၁ ဦး လျော့နည်းခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ပါရှိသည်။ 

ယခုနှစ်တွင် ပြည်ပခရီးသွားဝင်ရောက်မှုတွင် တရုတ်ခရီးသွား အများဆုံးဖြစ်ပြီး၂၀၁၈ ခုနှစ် မတ်လတွင် ၆၈၉၇၆ ဦး ဝင်ရောက်ကာ ၂၀၁၉ ခုနှစ် ကာလတူတွင် ၁၅၉၁၆၃ ဦး ဝင်ရောက်သောကြောင့် ၉၀၁၇၇ ဦး တိုးတက်လာပြီး ဒုတိယအနေဖြင့် ကိုရီးယားခရီးသွား ၂၀၁၈ ခုနှစ်တွင် ၁၉၈၅၄ ဦး ဝင်ရောက်ပြီး ယခုနှစ်တွင် ၃၇၆၄၈ ဦး ဝင်ရောက်သဖြင့် ၁၇၇၉၄ ဦး တိုးလာသည် ဟု သိရသည်။ 

Eleven Media Group

0 comments:

Post a Comment