Sunday, April 28, 2019

မည်သည့်အဖွဲ့အစည်းဖြစ်ဖြစ် ပြည်သူကိုမပြစ်မှားဖို့ အရေးကြီးဟုဆို


မည်သည့် အဖွဲ့အစည်းဖြစ်ဖြစ် ပြည်သူကိုမပြစ်မှားဖို့ အရေးကြီးကြောင်း မန္တလေးတိုင်းဒေသကြီး ၀န်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်က ဧပြီ ၂၈ ရက် တွင် ပြောဆိုသည်။ 
မန္တလေးတိုင်းဒေသကြီး ချမ်းမြ သာစည်မြို့နယ်တွင် ဧပြီ ၂၈ရက် မွန်းလွဲ ၁နာရီက ပြုလုပ်သော (၁၀) ကြိမ်မြောက် ပြည်သူ့ဂုဏ်ရည်ဆု ချီးမြှင့်ပေးအပ်ပွဲ အခမ်းအနား၌ အဖွင့်အမှာစကားပြော ကြားရာတွင် ၎င်းက ယင်းကဲ့သို့ ပြောဆို ခဲ့ခြင်းဖြစ်သည်။ 
''ကျွန်တော်တို့ ပြည်သူကို မပြစ်မှား ဖို့အရေးကြီးပါတယ်။ ဘယ်အဖွဲ့အစည်း ပဲဖြစ်ဖြစ်၊ ဘယ်အစိုးရပဲဖြစ်ဖြစ်၊ ပုဂ္ဂလိက၊ ပရဟိတ လုပ်ငန်းတွေပဲဖြစ်ဖြစ် ပြည်သူကိုမပြစ်မှားဖို့အရေးကြီးပါတယ်။ ပြည်သူ့ အကျိုးပြုလုပ်ငန်းတွေ လုပ်တဲ့သူတွေကိုဆုချီးမြှင့်တဲ့သူတွေအများကြီးပါပဲ။ ဘာပဲ လုပ်လုပ် ပြည်သူ့အကျိုးပြုလုပ်ငန်းတွေ လုပ်တဲ့အခါမှာနံပါတ်တစ်အနေနဲ့က တာဝန်ခံမှုရှိကိုရှိရပါမယ်။ တာဝန်ခံမှုမရှိ ဘဲနဲ့ ဒီမိုကရေစီခေတ်မှာ ရှေ့ဆက်သွားလို့ မရပါဘူး။အလားတူပဲ ပွင့်လင်းမြင်သာမှု ရှိရပါမယ်။ပွင့်လင်းမြင်သာမှု မရှိဘဲနဲ့ ကျွန်တော် တို့ရှေ့ဆက်သွားလို့ မရပါဘူး။ ပြည်သူ့အကျိုးတွေကိုလုပ်တယ်ဆိုတာက နောက်ဆုံး သမ္မတကြီး ဦးဝင်းမြင့်ပြောခဲ့တဲ့ ပြည်သူတွေရဲ့လူမှုဘ၀ဖွံ့ဖြိုးတိုးတက်အောင်လုပ်ကြတာ ဖြစ်ပါတယ်။ အစိုးရ၀န်ထမ်းတွေနဲ့ သက်ဆိုင်ရာဌာန အသီးသီးတွေကပြည်သူ့ဘဏ္ဍာငွေတွေနဲ့ ပြည်သူ့အကျိုးပြုလုပ်ငန်းတွေ လုပ်တဲ့အခါမှာ ကျွန်တော်တို့ မမှားမိဖို့ အရေးကြီးပါတယ်။ အဂတိကင်းဖို့ အရေးကြီးပါ တယ်။ ခြိုးခြံချွေတာတတ်ဖို့ အရေးကြီးပါတယ်။ ကျွန်တော် တို့တိုင်းပြည်က အခုမှ နာလန်ထဖို့ ကြိုးစားနေတဲ့ တိုင်းပြည်အနေနဲ့ ဒီအခြေခံအချက်အလက်တွေကိုထားပြီး စေတနာသန့်သန့်နဲ့ လုပ်ကြဖို့အရေးကြီးပါတယ်'' ဟုမန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ်ဒေါက်တာဇော်မြင့်မောင်က ပြောဆိုသည်။ 
ယခုနှစ်အတွက် ချီးမြှင့်သည့်ပြည်သူ့ ဂုဏ်ရည်ဆုကို မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီက ရရှိခဲ့ပြီးပြည်သူ့ဂုဏ်ရည်အသင်း ဗဟိုအလုပ် အမှုဆောင်အဖွဲ့က ချီးမြှင့်သည့် အထူးဆုများအဖြစ် ကချင်ဒုက္ခသည်များအရေးဆောင်ရွက်ခဲ့သည့် မဆွတ်ဆိုင်းထွယ်၊ ဒုရဲမှူးဟောင်း မိုးရန်နိုင်၊ ဆရာမ ဒေါ်အိအိညိမ်းနှင့် Clean Yangon Campaignအဖွဲ့တို့ကို ပေးအပ်ခဲ့ခြင်းဖြစ်သည်။ 

သတင်း - စည်သူဟိန်း
The Standard Time Daily 

0 comments:

Post a Comment