Friday, April 26, 2019

ဘင်္ဂလားဒေ့ရှ် ကျွန်းတကျွန်းပေါ်တွင် ပြန်လည်နေရာချထားရေးအစီအစဉ် ဘင်္ဂါလီဒုက္ခသည်များ ဆန့်ကျင်


ဘင်္ဂလားဒေ့ရှ်အစိုးရသည် ကော့ဘဇားဒေသရှိစခန်းများမှ ဘင်္ဂါလီဒုက္ခသည် ၁ဝဝ,ဝဝဝ ခန့်ကို ဘင်္ဂလားပင် လယ်အော်ရှိ လူမနေသော ဘာဆန်ချာကျွန်းသို့ ပြောင်းရွှေ့ပေးရန်စီစဉ်နေသည်။ ယင်း ကျွန်းသို့အနီးဆုံးကမ်း ခြေမှ တနာရီကြာ မော်တော်ဘုတ်ဖြင့်သွားရသည်။ သို့သော် ဒုက္ခသည်များသည် ပြည်မကြီးမှ ၄ဝ ကီလို ခန့်ကွာဝေးသော ဘာဆန်ချာကျွန်းပေါ်ရှိ အသစ်စက်စက်ဆောက်လုပ်ပြီး နေအိမ်များသို့ပြောင်းရွှေ့ရန် တုံ့ဆိုင်းနေကြသည်။ 
ကျိုဒိုသတင်းဌာနသည် ဧပြီလ ၁၈ ရက်က အဆိုပါကျွန်းပေါ်သို့ သွားရောက်လေ့လာသတင်းယူခွင့်ရရှိခဲ့သည်။ ဘာဆန်ချာကျွန်းဖွံ့ဖြိုးရေးကို ဘင်္ဂလားဒေ့ရှ်ရေတပ်မှ ဗိုလ်မှူးချုပ်အေအေမာမွန်ချောင်ဒူရီက ဦးဆောင်နေ သည်။ ကော့ဘဇားဒေသရှိ စခန်းများတွင် မြန်မာနိုင်ငံမှရောက်လာသည့် ဒုက္ခသည် ၇ဝဝ,ဝဝဝ ခန့်ရှိပြီး ပြည့်ကျပ်နေသောကြောင့် ဘင်္ဂလားဒေ့ရှ်အစိုးရသည် လူ ၁ဝဝ,ဝဝဝ ခန့်ကို ဘာဆန်ချာကျွန်းသို့ ပြောင်းရွှေ့လိုခြင်းဖြစ်သည်။ ဒုက္ခသည်များသည် ရခိုင်မြောက်ပိုင်းရှိ ၎င်းတို့ မူရင်းဒေသနှင့် မနီးမဝေး လက်ရှိစခန်းများ၌သာနေလိုကြပြီး ကျွန်းသို့ပြောင်းရွှေ့ရန် ငြင်းဆိုနေကြသည်။ ထို့ပြင် ကော့ဘဇားမှ ထွက်ခွာသွားပါက လက်ရှိသူတို့တရား မဝင်ရနေသော လူမှုရေးအထောက်အပံ့၊ ပစ္စည်းပစ္စယများ လက်လွှတ်ဆုံးရှုံးရမည်ကိုလည်း စိုးရိမ်နေကြကြောင်းနှင့် ဘာဆန်ချာကျွန်းသည် မိုးရာသီတွင် မုန်တိုင်းဒဏ် ခံရခြင်း၊ ရေနစ်မြုပ်ခြင်းတို့ကြောင့်လည်း မပြောင်းရွှေ့လိုခြင်းဖြစ်ကြောင်း သိရသည်။ 
စီမံကိန်းဒါရိုက်တာမာမွန်က ဘာဆန်ချာကျွန်းသည် ဒုက္ခသည်များအတွက် အသင့်နီးပါးဖြစ်နေပြီဟု ပြောသည်။ ဘင်္ဂလားဒေ့ရှ်အစိုးရသည် အမေရိကန် ဒေါ်လာ ၂၇၂ သန်း အကုန်အကျခံပြီး ကျွန်းပေါ်တွင် လူနေအိမ်များ၊ လမ်းများ၊ အရေးပေါ်ခိုလှုံရေးစခန်းများ၊ ဆေးရုံများ၊ စာသင်ကျောင်းများ၊ ဗလီတလုံးနှင့်ရဟတ် ယာဉ်ကွင်းတကွင်းအပြင် ရေကြီးမှုကိုကာကွယ်ရန် တမံများတည်ဆောက်ပေးခဲ့သည်ဟု ၎င်းက ပြောသည်။ 
''ဆယ်စုနှစ်နှစ်ခုကြာ လူမနေတဲ့ကျွန်းကို ဒုက္ခသည်များအတွက် နေချင်စဖွယ်နေရာတခုဖြစ်အောင် ကျွန်တော်တို့ ကြိုးစားခဲ့ကြတယ်''ဟု မာမွန်က ပြောသည်။ 
အရာရှိများက စီမံကိန်း၏ ၉၇ ရာခိုင်နှုန်းပြီးစီးနေပြီး ကော့ဘဇားမှဒုက္ခသည်များကို လက်ခံရန်အသင့်ဖြစ်နေပြီဟု ပြောကြားသည်။ ကုလသမ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးကတော့ ဒုက္ခသည်များဆန္ဒရှိမှသာ ပြန်လည်နေရာချထားပေးရေး ကိစ္စစတင်သင့်ကြောင်း ပြောကြားသည်။ 
ကော့ဘဇားရှိစခန်းများမှ ဒုက္ခသည်များက ဆိုင်ကလုန်းမုန်တိုင်းများနှင့် ပင်လယ်ဒီလှိုင်းများ အန္တရာယ်ရှိသည့်ကျွန်းပေါ်တွင် နေရခြင်းထက် ပြည်မကြီးတွင်နေရသည်က ပိုမိုဘေးကင်းလုံခြုံမှုရှိကြောင်း ပြောကြားသည်။ 
အန်ချီပရန်ဒုက္ခသည်စခန်းမှ တာရီ မီနာ (၅ဝ နှစ်)က ''မုန်တိုင်းတွေဖြစ်ပေါ် စဉ်အတွင်း ကျွန်းပေါ်ကို ရေလွှမ်းတယ်လို့ ကြားရပါတယ်။ စခန်းတွေမှာနေရတာပဲ ကောင်းပါတယ်''ဟု ပြောသည်။ 
ခင်ပွန်းဖြစ်သူမှာ မြန်မာစစ်သားများ၏လက်ချက်ဖြင့် သေဆုံးခဲ့ရသည်ဟု ပြောကြားခဲ့သူ မိုစတာဖာဘီဂမ် (၂၅ နှစ်)က သူမနှင့် သူမ၏ကလေးငါးဦး ကျွန်းပေါ်တွင် မည်သို့နေထိုင်ရမည်ဆိုသည်နှင့်ပတ်သက်ပြီး စိုးရိမ်ပူပန်ကြောင်း ပြောသည်။ 
နွတ်ဟာလီခရိုင် ဒုတိယကော်မရှင်နာမင်းကြီးတန်မွိုင်ဒတ်စ်က မိုးမကျမီပြန်လည်နေရာချထားရေး စတင်နိုင်မည် ဟု ပြောကြားသည်။ သို့သော် ဒေသခံမီဒီယာများက ယခုနှစ် မိုးကုန်မှသာလျှင် ပြောင်းရွှေ့ရေးဖြစ်နိုင်ဖွယ်ရှိသည်ဟု ပြောသည်။ 
အကူညီပေးရေးအေဂျင်စီတခုတွင် အလုပ်လုပ်နေသူအချို့က ဘင်္ဂလားဒေ့ရှ်အစိုးရသည် လာမည့် အောက်တိုဘာတွင် ဆန္ဒရှိသည့်မိသားစု ၆ဝ ကို ကနဦးရွှေ့ပြောင်းရန် စီစဉ်နေသည်ဟု ပြောသည်။ 
ဘင်္ဂလားဒေ့ရှ်အစိုးရသည် အစီအစဉ်ကိုလက်ခံရန် ဒုက္ခသည်များအားဆော်သြပေးဖို့ မြန်မာဘာသာဖြင့် ရိုက်နှိပ်ထားသော လက်ကမ်းစာစောင်များကို ဒုက္ခ သည်အုပ်စုခေါင်းဆောင်များအား ဖြန့်ဝေပေးနေသည်။ ထို့ပြင် ၎င်းတို့ကို ဘာဆန်ချာကျွန်းပေါ်သို့ ဖိတ်ခေါ်ပြသရန်လည်းစီစဉ်နေကြောင်း သိရသည်။ 

News Watch 

0 comments:

Post a Comment