Wednesday, April 3, 2019

ရွှေတိဂုံစေတီတော် ပြုပြင်ရန် လိုအပ်ချက် ခုနစ်ချက်ကို ဆက်လက်ဆောင်ရွက်မည်

ရွှေတိဂုံစေတီ တော်ပြုပြင်ရန် လိုအပ်ချက် ခုနစ်ခုကို ငြမ်းဆင်၍ ဆောင်ရွက်မည် ဖြစ်ကြောင်း သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနက ဧပြီ ၁ ရက်တွင် သတင်းထုတ်ပြန်သည်။ 
ယင်းဌာန ပြည်ထောင်စုဝန်ကြီးသူရဦးအောင်ကို၊ ဆောက်လုပ်ရေးဒုဝန်ကြီး၊ ကျွမ်းကျင်ပညာရှင်များ၊ ဂေါပကအဖွဲ့ဝင်များနှင့် လုံခြုံရေးအဖွဲ့ဝင်များသည် မတ်လက စေတီပေါ်သို့ တက်ရောက်စစ်ဆေးရာ ပြုပြင်ရန် လိုအပ်ချက်များတွေ့ရှိခဲ့သည်။ 

စိန်ဖူးတော်တွင် စိန်များကွာ ကျနေခြင်း၊ ငှက်မြတ်နားတော် တွင် ရွှေထည်နှင့် ရတနာပစ္စည်းများ ကွာကျနေခြင်းနှင့် ရောင် တော်ဖွင့်ရန်လိုအပ်ခြင်း၊ ရွှေစင် ရွှေပြားများကွာနေခြင်း၊ ရွှေထီး တော်ကြံ့ခိုင်မှု ပြုလုပ်ရန်လိုအပ် ခြင်းများကို ပြုပြင်ရမည်ဖြစ်သည်။ 

ဆက်လက်၍ ရွှေထီးတော် ဘုံအဆင့်ဆင့်တွင် ကွာကျနေသောရွှေထည်နှင့် ရွှေထည်ပစ္စည်းများကို ပြန်လည်တပ်ဆင်ခြင်းနှင့် ရောင်တော်ဖွင့်ရန်၊ Waterproofing လုပ်ရန်၊ ဆပ်သွားဖူးနှင့် ပန်းလည်တိုင်(မဏ္ဍိုင်)တွင် ဆက်သွယ်ထားသော အပိုင်း၌ အထိန်းတစ်ခုသာရှိ၍ အထိန်းတစ်ခု ထပ်မံတပ်ဆင်ရန် လုပ်ငန်းလိုအပ်ချက်များ ဆောင်ရွက်မည်ဟု ထုတ်ပြန်ချက်က ဆိုသည်။ 

သို့သော် စိန်ဖူးတော်မှ ကွာ ကျသောနေရာများတွင် စေပိုင် ကုမ္ပဏီက အရည်အသွေးပြည့်ဝ သည့် စိန် ၃၈ လုံးကပ်လှူ၍ ခိုင်ခံ့အောင် ပြုလုပ်ထားကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။ 

ထို့ကြောင့် စိန်ဖူးတော်အထိ တပ်ဆင်ထားသော ငြမ်းကိုဖြုတ်၍ ငှက်မြတ်နားတော်အထိသာ ထားရှိကာ ကျန်လုပ်ငန်းစဉ်များ ဆက်လက်ဆောင်ရွက်မည် ဖြစ်သည်။ 

ရွှေတိဂုံစေတီတော်ကို ငါးနှစ်လျှင်တစ်ကြိမ် ရွှေစင် ရွှေပြားများ ကပ်လှူပူဇော်ရန် ငြမ်းဆင်ဆောင်ရွက်ကြသည်။

7Day

0 comments:

Post a Comment