Wednesday, April 3, 2019

နိုင်ငံတွင် စိတ်ဝမ်းကွဲမည့်ကိစ္စများကို လွယ်လွယ်မလုပ်ကြရန် ဒေါ်အောင်ဆန်းစုကြည်သတိပေး

နိုင်ငံတွင် စိတ်ဝမ်းကွဲ မည့် ကိစ္စရပ်များကို လွယ်လွယ်ဖြင့် မလုပ်ရန်နှင့် ရင်ကြားစေ့ရေး ကိစ္စများသာ အထူးအလေးထား လုပ်စေချင်ကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။ 
ဧပြီ ၂ ရက်က မအူပင်မြို့ တွေ့ဆုံပွဲတွင် တက္ကသိုလ် ကျောင်းသားတစ်ဦးက ကျောင်းသားလွှတ်တော်ကျင်းပခွင့် ရရှိ ရေးနှင့်ပတ်သက်၍ မေးမြန်းစဉ် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် က ပြန်လည်ဖြေကြားရာ၌ ယင်းသို့ ထည့်သွင်းပြောကြားခြင်းဖြစ် သည်။ 

‘‘အထူးသဖြင့် ကျောင်းသားလူငယ်တွေ ဒီစိတ်ဓာတ်ရှိမှ အမေတို့နိုင်ငံက နောင်တစ်ချိန်မှာ တောင့်တောင့်တင်းတင်း ခိုင်ခိုင် မာမာရှိမှာ’’ ဟု ဒေါ်အောင်ဆန်းစု ကြည်က ပြောသည်။ 

နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် မအူပင်မြို့သို့ ရောက်ရှိစဉ် ဒေသခံပြည်သူများက ‘‘လက်မ တိုလယ်သမားများကို ကူညီပေး ရန်’’၊ ‘‘အောချက်(စ်)ကုမ္ပဏီ၊ မြို့နယ်ရဲစခန်း၊ ဥပဒေရုံး၊ တရားရုံးတို့၏ အဂတိလိုက်စားမှုများကို ထိရောက်စွာ ဖော်ထုတ်အရေးယူ ပေးရန်’’၊ ‘‘ဖူဆယ်ဘောလုံးကွင်း ခွင့်ပြုပေးရန်’’ စသည့် ဗီနိုင်းများကိုင်ဆောင်၍ ကြိုဆိုခဲ့ပြီး ‘‘အမေ့ကို ဌာနဆိုင်ရာတွေ ၀ိုင်းလိမ်နေ တယ်’’ဟုလည်း အော်ဟစ်တိုင် ကြားခဲ့ကြသည်။ 

တက္ကသိုလ် ကျောင်းသား အချို့ကလည်း ‘‘ကျောင်းသား တွေကို အမေနဲ့တွေ့ခွင့်ပေးပါ’’ ဟု တောင်းဆိုခဲ့ကြသည်။ 

ထို့ကြောင့် ဒေါ်အောင်ဆန်း စုကြည်သည် မူလက မအူပင်ရပ်မိ ရပ်ဖများနှင့်တွေ့ဆုံရန် စီစဉ်ထားမှုကို အပြောင်းအလဲအချို့ပြုလုပ် ကာ လမ်းမပေါ်ရှိ ပြည်သူများ အား မြို့နယ်ခန်းမအပေါ်ထပ်မှ နှုတ် ဆက်စကားပြောကြားပြီး ပြည်သူ အားလုံး၏ အသံကို နားမထောင် နိုင်သဖြင့် တောင်းပန်ခဲ့သည်။ 

ဒေါ်အောင်ဆန်းစုကြည်၏ နှစ်ရက်ကြာ ဧရာဝတီတိုင်းခရီး စဉ်အတွင်း သိမ်းဆည်းခံ လယ်ယာမြေကိစ္စကို အများဆုံးတင်ပြ ခဲ့ပြီး အမြန်ဆုံး ဖြေရှင်းဆောင် ရွက်ပေးရန် တောင်းဆိုခဲ့သည်။ 

‘‘အမြန်ဆုံးပြီးပြတ်အောင် လုပ်ပါမယ်လို့ ပြောချင်ပါတယ်’’ ဟု နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်က ပြန်လည်ဖြေကြား သည်။ 

တစ်ချိန်တည်းတွင် ဒေါ်အောင်ဆန်းစုကြည်က တိုင်းဒေသကြီးအစိုးရကို ပြည်သူနှင့် နီးကပ်စွာ အလုပ်လုပ်ရန်နှင့် တာဝန်ကျေရန် လိုအပ်ကြောင်း လမ်းညွှန်သည်။ အလားတူ ပြည်သူများ ကလည်း အစိုးရနှင့် လက်တွဲလုပ် ဆောင်ရန် လိုအပ်ကြောင်း တိုက် တွန်းပြောကြားသည်။ 

‘‘အစိုးရတစ်ခုတည်း အောင်မြင်အောင်လုပ်လို့မရဘူး။ ပြည်သူချည်းပဲ အောင်မြင်အောင် လုပ်လို့မရဘူး’’ ဟု ၎င်းက ဆိုသည်။ 

နိုင်ငံရေးလုပ်ခြင်းသည် လူလည်လုပ်သည်ဟု ပြည်သူအချို့ က ယူဆနေကြောင်း၊ လူလည်လုပ်သည့် နိုင်ငံရေးသမားများရှိ သော်လည်း လူလည်လုပ်သည့် နည်းဖြင့် နိုင်ငံရေးလုပ်ပါက ရေ ရှည်တွင် တိုင်းပြည်ကို အကျိုး မပြုကြောင်း ဒေါ်အောင်ဆန်းစု ကြည်က မအူပင်မြို့၌ ပြောသည်။‘‘အဲဒီတော့ ကျွန်မတို့က ဖြောင့်ဖြောင့်မတ်မတ်တည်တည် ငြိမ်ငြိမ်လုပ်တဲ့ နေရာမှာ အချိန်ပိုယူချင် ယူရပါလိမ့်မယ်။ ဖြတ်လမ်းနည်းနဲ့ မမှန်မကန်တဲ့ နည်းနဲ့အဖြေရှာရင် ရေတိုမှာ အဆင်ပြေ သလိုလိုနဲ့ ရေရှည်မှာတော့ ပိုပြီး ပြဿနာတွေ များလာဖို့ပဲ ရှိပါ တယ်’’ ဟု ၎င်းက ဆိုသည်။ 

နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်သည် ဧရာဝတီတိုင်းခရီး စဉ်အတွင်း ဧပြီ ၁ ရက်တွင် မြောင်း မြတံတားဖွင့်ပွဲသို့ တက်ရောက်ပြီး ကျောင်းကုန်းမြို့နှင့် ပုသိမ်မြို့တို့၌ လူထုနှင့် တွေ့ဆုံခဲ့သည်။ ဧပြီ ၂ ရက်တွင် အိမ်မဲ၊ ပန်းတနော်၊ မအူပင်နှင့် ညောင်တုန်း၌ ပြည်သူလူထုနှင့်တွေ့ဆုံခဲ့သည်။

7Day

0 comments:

Post a Comment