Thursday, April 25, 2019

တတိယအကြိမ် လွတ်ငြိမ်းခွင့် ပေးမည်၊ အကျဉ်းကျခံ တိုင်ရင်းသားလက်နက်ကိုင်အဖွဲ့ဝင်များ ပါဝင်မည်


တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း ၃ ဖွဲ့မှ အကျဉ်းကျခံနေသည့် တပ်ဖွဲ့ဝင်များအား တတိယအကြိမ် လွတ်ငြိမ်းချမ်းသာခွင့်တွင် ထည့်လွှတ်ပေးသွားမည်ဖြစ်ကြောင်း သမ္မတရုံး၏ ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးကပြောသည်။ 
“အချို့ EAO အဖွဲ့တွေပေါ့။ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေ ကျွန်တော်တို့ သမ္မတနဲ့ အတိုင်ပင်ခံဆီ အကျဉ်းထောင်မှာ ကျခံနေတဲ့ သူတို့ တပ်ဖွဲ့ဝင်တွေ ပြန်လွှတ်ပေးဖို့ တင်ပြထားတာ အဖွဲ့ ၃ ဖွဲ့ရှိတယ်။ နောက်တချို့ နိုင်ငံရေးနဲ့ ပတ်သက်တဲ့ ဟာလေးတွေဆို ပြောထားတာရှိတယ်။ အဲ့ဒါတွေလည်း ကျွန်တော်တို့ အကုန်ပြန်လွှတ်ဖို့ရှိတယ်”ဟု ဦးဇော်ဌေးကပြောသည်။ 
ယနေ့ နေပြည်တော်ရှိ NRPC ရုံးတွင် ကျင်းပပြုလုပ်သည့် NRPC နှင့် KHCC တို့ တွေ့ဆုံဆွေးနွေးပွဲ မစ တင်မီ သတင်းမီဒီယာများ၏ မေးမြန်းမှုအပေါ် အထက်ပါအတိုင်း ပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်သည်။ 
ထို့အတူ နိုင်ငံတော်မှ လွတ်ငြိမ်းချမ်းသာခွင့်(တတိယအကြိမ်) အား မြန်မာပြည်အောက်ပိုင်းတွင် ကျန်ရှိနေသည့် အကျဉ်းထောင် ၇ ခု မှ အကျဉ်းသား ၆ ထောင်ကျော် ကိုလည်း မကြာမီ လွတ်ပေးသွားမည်ဖြစ်ကြောင်း ဦးဇော်ဌေးကပြောသည်။ 
ယနေ့ နံနက်ပိုင်းကလည်း နိုင်ငံတော်သမ္မတရုံး၏ အမိန့်ကြေငြာစာဖြင့် အကျဉ်းထောင် ၇ ခုမှ အကျဉ်းသား ၆၉၄၈ ဦးကို ဒုတိယအကြိမ်အဖြစ် ထပ်မံလွှတ်ပေးခဲ့သည်။ 
“အဲ့ဒီထဲမှာ အခု ကျွန်တော်တို့ ပြန်လွှတ်ထားတာကတော့ အဓိကအားဖြင့် မူးယစ်ဆေးဝါးလက်ဝယ်ကိုင်ဆောင်မှု၊နောက်တစ်ခုက မူးယစ်ဆေးဝါးသုံးစွဲတဲ့ အမှု ပုဒ်မ(၁၆) ဒါတွေနဲ့ ပတ်သက်လို့ အကျဉ်းကျခံနေတဲ့ သူတွေ အဲ့ဒါတွေကို ဦးစားပေးလွှတ်ပါတယ်”ဟု ဦးဇော်ဌေးကပြောသည်။ 
အဆိုပါ အကျဉ်းသားများတွင် ကချင်ပြည်နယ်၊ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊တို့ မှ အဖွဲ့များအား စိစစ်ပြီး လွှတ်ပေးခဲ့ကြောင်း သိရသည်။ 
ထိုသို့ လွှတ်ပေးရခြင်းသည် တစ်နိုင်ငံလုံးမှာ ရှိသည့် အကျဉ်းထောင်များတွင် မူးယစ်ဆေးဝါးအမှုများသည် အတော်များနေသည့် အတွက် နိုင်ငံတော်သမ္မတမှ ပြန်လည်စိစစ်ကာ လွှတ်ပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ 
လက်ရှိ မူးယစ်ဆေးဝါးဥပဒေအား ပြင်ဆင်လိုပြီဖြစ်သဖြင့် ဥပဒေ မပြင်ခင် က ချမှတ်ထားသည့် ပုဒ်မများကြောင့် အကျဉ်းကျခံနေသည့် လူငယ်များအား ပြန်လည် လွှတ်ပေးခြင်းဖြစ်ကြောင်း သိရသည်။ 
“ဒီဥပဒေမပြင်ခင်က ဥပဒေ အဟောင်းပေါ့နော်။ရှိခဲ့တဲ့ ပုဒ်မအဟောင်းတွေနဲ့ ချမှတ်ထားတဲ့ လူငယ်တွေ အများကြီးတယ်ပေါ့။အဲ့ဒီအများကြီးကို ကျွန်တော်တို့က ပြန်ကြည့်ပါတယ်”ဟု ဦးဇော်ဌေးကပြောသည်။ 
ထို့ အတူ ဧပြီလ ၁၇ ရက်နေ့ကလည်း သမ္မတရုံး၏အမိန့်ကြေငြာချက်ဖြင့် ပြည်တွင်းအကျဉ်းသား ၉၅၃၅ ဦးနှင့် နိုင်ငံခြားသား အကျဉ်းသား ၁၆ ဦးကိုလည်း လွှတ်ငြိမ်းချမ်းသာခွင့်ပေးပေးခဲ့ကြောင်း သိရသည်။

The Fifth Wave News 

0 comments:

Post a Comment