Wednesday, April 3, 2019

ဧရာတိုင်းလွှတ်တော် ဒုဥက္ကဋ္ဌဟောင်း ဦးစံမင်းအောင်ကို ပုသိမ်ရဲစခန်းက ရာဇသတ်ကြီးပုဒ်မ ၄၀၉ ဖြင့် အမှုဖွင့်


ဧရာဝတီတိုင်းဒေသကြီးလွှတ်တော် ဒုတိယဥက္ကဋ္ဌဟောင်း ဦးစံမင်းအောင်ကို ကိုယ်ကျိုးအတွက် ငွေကြေးအလွဲ သုံးစားပြုလုပ်မှုနှင့် ပုသိမ်မြို့မရဲစခန်းတွင် ရာဇသတ်ကြီး ပုဒ်မ-၄၀၉ ဖြင့် အမှုဖွင့် စစ်ဆေးလျက်ရှိကြောင်း သိရသည်။ အမှုဖွင့် စစ်ဆေးနေ ပြီးခဲ့သည့် မတ်လနောက်ဆုံးပတ်မှစတင်၍ ပုသိမ်မြို့မ ရဲစခန်းတွင် အမှုဖွင့် စစ်ဆေးနေခြင်းဖြစ်ကြောင်း ဧရာဝတီတိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။ 
''လက်ရှိအခြေအနေမှာ စစ်ဆေးနေဆဲဖြစ်ပါတယ်။ စစ် ဆေးမှု ပေါ်ပေါက်တာနဲ့ ဥပဒေအတိုင်း ဆက်လက်ဆာင်ရွက် သွားမှာ ဖြစ်ပါတယ်''ဟု ဧရာဝတီတိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံးမှ ဒုတိယရဲမှူးကြီးထွန်းရွှေက ပြောဆိုသည်။ 

ဧရာဝတီတိုင်းဒေသကြီးလွှတ်တော် ဒုဥက္ကဋ္ဌဟောင်း ဦးစံမင်းအောင်သည် တိုင်းဒေသကြီးအစိုးရ၏ ခွင့်ပြုချက်ဖြင့် မော်တော်ယာဉ်အသစ်တစ်စီးနှင့်အသုံးပြုပြီးယာဉ် လေးစီးကို ၀ယ်ယူခဲ့ကာ အသုံးပြုယာဉ်လေးစီးကို၎င်း၏ဆန္ဒအလျောက် ပြုပြင်ခဲ့၍ ပြင်ဆင်စရိတ် ကုန်ကျငွေများကိုယာဉ်ဝယ်ယူတန်ဖိုးတွင် မမှန်မကန်ထည့်သွင်းကာ အရောင်းအ၀ယ်စာချုပ်တွင် Back Date ဖြင့် ချုပ်ဆိုခဲ့သည့်အတွက်သက်ဆိုင်ရာ တိုင်းဒေသကြီးလွှတ်တော်ရုံးအဖွဲ့၏ တာဝန်ရှိသူကတိုင်ကြားသဖြင့် အမှုဖွင့် စစ်ဆေးနေခြင်းဖြစ်ကြောင်း ရဲမှတ်တမ်းအရ သိရသည်။ 

တိုင်းလွှတ်တော်ဥက္ကဋ္ဌဟောင်း ဦးစံမင်းအောင်ကို အဆိုပါကိစ္စနှင့်ပတ်သက်၍ အမျိုးသားဒီမိုကရေစီဖွဲ့ချုပ် ပါတီ(NLD)မှထုတ်ပယ်ထားသည်။ လွှတ်တော်ဒုဥက္ကဋ္ဌရာထူးမှ နုတ်ထွက်ခြင်းသည် ၎င်းင်း၏ သဘောဆန္ဒအလျောက်ဖြစ်ပြီး လက်ရှိတွင်ဘိုကလေးမြို့နယ် အမှတ်(၂) တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်အဖြစ် တာဝန်ထမ်းဆောင်လျက်ရှိသည်။ 

၎င်းကို အမှုဖွင့်ထားသည့် ပုဒ်မ-၄၀၉တွင် ပြည်သူ့ဝန်ထမ်းကဖြစ်စေ၊ ဘဏ်တိုက်စိုးကဖြစ်စေ၊ ကုန်သည်ကဖြစ်စေ၊ကိုယ်စားလှယ်ကဖြစ်စေ ရာဇ၀တ်မကင်းသော ယုံကြည်အပ်နှံရေး ဖောက်ဖျက်မှုကို ကျူးလွန်လျှင် တစ်သက်တစ်ကျွန်းဖြစ်စေ၊၁၀ နှစ်အထိ ထောင်ဒဏ်တစ်မျိုးမျိုးဖြစ်စေ ချမှတ်ရမည့်အပြင်ငွေဒဏ်လည်း ချမှတ်နိုင်ကြောင်း ပြဋ္ဌာန်းထားသည်။ 

သတင်း - ထူးထူး(ဗိုလ်ကလေး)
The Standard Time Daily 

0 comments:

Post a Comment