Wednesday, April 3, 2019

အစိုးရရုံး ပိတ်ရက်နှင့် ဧပြီ ၁ ရက် ဗဟိုဘဏ် ပိတ်ရက်တို့ကြောင့် မြန်မာနိုင်ငံကူးလက်မှတ် ထုတ်ပေးရေးအဖွဲ့ရုံးတွင် နိုင်ငံကူးလက်မှတ် လျှောက်ထားသူ အထူးများပြားပြီး အချိန်ကြာမြင့်စွာ စောင့်ဆိုင်းနေကြရ


အစိုးရရုံးပိတ်ရက်နှင့် ဧပြီ ၁ ရက် ဗဟိုဘဏ်ပိတ်ရက် (တနင်္လာ) တို့ တစ်စပ်တည်း ဖြစ်ပေါ်ခဲ့မှုကြောင့် မြန်မာနိုင်ငံကူးလက်မှတ် ထုတ်ပေးရေးအဖွဲ့ရုံးတွင် နိုင်ငံကူးလက်မှတ် လျှောက်ထားသူများ အထူးများပြားနေပြီး အချိန်ကြာမြင့်စွာ စောင့်ဆိုင်းရခြင်းများ ရှိနေကြောင်း သတင်းရရှိသည်။ 
ယင်းသို့ (စနေ၊ တနင်္ဂနွေ) ပိတ်ရက်နှင့် ဧပြီ ၁ ရက်(တနင်္လာ)တို့ သုံးရက်ဆက်တိုက် တိုက်ဆိုင်ခဲ့သဖြင့် နိုင်ငံကူးလက်မှတ် ထုတ်ပေးရေးအဖွဲ့ရုံးတွင် နိုင်ငံကူးလက်မှတ်အသစ် လျှောက်ထားသူများ၊ နိုင်ငံကူးလက်မှတ်အား သက်တမ်းတိုးသူများဖြင့် လူဦးရေ ထောင်ကျော် တန်းစီစောင့်ဆိုင်းခဲ့ရကြောင်း သိရသည်။ 

“အခုက စနေ၊ တနင်္ဂနွေနဲ့ ဗဟိုဘဏ် ပိတ်ရက် တနင်္လာ ဆက်တိုက် ဖြစ်သွားလို့ လူဒီလောက် များသွားတာပါ။ ပုံမှန်ဆို လူဒီလောက် မများပါဘူး” ဟု မြန်မာနိုင်ငံကူးလက်မှတ် ထုတ်ပေးရေးအဖွဲ့ရုံးမှ တာဝန်ရှိသူ တစ်ဦးက ပြောပြခဲ့သည်။ 

မကြာခင် နှစ်သစ်ကူးရုံးပိတ်ရက်များ စတင်တော့မည်ဖြစ်ပြီး၊ အဆိုပါ အစိုးရရုံးပိတ်ရက်ရှည်များတွင် ပြည်ပနိုင်ငံများသို့ ခရီးထွက်ရန် နိုင်ငံကူးလက်မှတ် လျှောက်ထားသူများ၊ ခရီးသွားကုမ္ပဏီများမှ နိုင်ငံကူးလက်မှတ် သက်တမ်းတိုးသူများ အထူးများပြားနေခဲ့ပြီး၊ တချို့မှာ ဘဏ်ငွေသွင်းရန် နေရာများနှင့် ဓာတ်ပုံရိုက်ရန် နေရာများတွင် စောင့်ဆိုင်းရမည့် လူဦးရေ များပြားခြင်းကြောင့် စောင့်ဆိုင်းနိုင်ခြင်း မရှိသဖြင့် ပြန်လာခဲ့ရသူ တချို့လည်းရှိကြောင်း သိရသည်။ 

“ပတ်စ်ပို့ သက်တမ်းကုန်ခါနီးလို့ သက်တမ်း လာတိုးတာပါ။ လူတွေ များလွန်းလို့ လဝက စစ်တာနဲ့ ဘဏ်ငွေသွင်းတာပဲ လုပ်ခဲ့ရတယ်။ ဓာတ်ပုံရိုက်ပြီး စလစ်ထုတ်ဖို့ကို ဓာတ်ပုံရိုက်တဲ့ နေရာမှာ လူများလွန်းလို့ မစောင့်နိုင်လို့ နောက်နေ့မှ ပြန်သွားရိုက်တော့မယ်” ဟု ဧပြီ ၃ ရက်က နိုင်ငံကူးလက်မှတ် သက်တမ်းတိုးရန် သွားရောက်ခဲ့သူ တစ်ဦးက ပြောပြခဲ့သည်။ 

ယင်းကဲ့သို့ ပိတ်ရက် သုံးရက်ဆက်တိုက် ဖြစ်ခဲ့သဖြင့် နိုင်ငံကူးလက်မှတ် လာရောက် လျှောက်ထားသူများမှာ တန်းစီ စောင့်ဆိုင်းနေရခြင်းဖြစ်ပြီး နိုင်ငံကူးလက်မှတ် လာရောက် လျှောက်ထားသူ ပိုမိုများပြားလာခြင်း မဟုတ်ကြောင်း မြန်မာနိုင်ငံကူးလက်မှတ် ထုတ်ပေးရေးရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။ 

နိုင်ငံကူးလက်မှတ် လာရောက် လျှောက်ထားသူများသည် လုံခြုံရေးဂိတ်မှ ဖြတ်ပြီးချိန်တွင် ဖောင်ဖြည့်ခြင်း၊ လူဝင်မှုကြီးကြပ်ရေး (လ.၀.က) စစ်ဆေးခြင်း၊ ဘဏ်ငွေသွင်းခြင်း၊ ဓာတ်ပုံရိုက်ခြင်း စသည့်တို့ကို အလှည့်ကျ လုပ်ဆောင်ရပြီး ယင်းသို့ လုပ်ဆောင်ရန် နံနက်အစောပိုင်းကတည်းက လာရောက် တန်းစီနေသူများလည်း ရှိကြောင်း သိရသည်။ 

ယင်းအပြင် နိုင်ငံကူးလက်မှတ် ထုတ်ပေးရေးရုံး အပြင်ဘက်၌ ပွဲစားများက တန်းစီနေသူများအား တန်းစီစရာ မလိုဘဲ နိုင်ငံကူးလက်မှတ် လုပ်ပေးမည်ဟု ပြောဆိုကာ ပိုက်ဆံတောင်းယူမှုများရှိနေပြီး တချို့ပွဲစားများမှာ နိုင်ငံကူးလက်မှတ် အမှန်တကယ် လုပ်ပေးခြင်းမရှိဘဲ ငွေကြေးလိမ်လည်မှုများ ရှိနေကြောင်းလည်း သိရသည်။ 

Eleven Media Group

0 comments:

Post a Comment