ရန်ကုန်မြို့တော်တွင် နှစ်ပေါင်း ၁၀ကျော်ဆက်တိုက် ကျင်းပခဲ့သည့် ရခိုင်ရိုးရာ ရေသဘင်ပွဲတော်ကို ယခုနှစ်တွင် မကျင်းရန် ယနေ့ (ဧပြီ ၃) တွင်ဆုံးဖြတ်လိုက်ကြောင်း ရခိုင်ရိုးရာယဉ်ကျေးမှုသင်္ကြန်ပွဲတော် (ရန်ကုန်) ကျင်းပရေးဗဟိုကော်မတီထံမှ သိရသည်။
ရခိုင်ရိုးရာ သင်္ကြန်ပွဲတော်ကို အပိုင်းနှစ်ပိုင်းဖြင့် ကျင်းပရန် စီစဉ်ထားခြင်းဖြစ်ပြီး နံသာသွေးပွဲနှင့် ဘုရား ရေသပ္ပါယ်ပွဲကို ရိုးရာမပျက်ဘဲ စည်စည်ကားကား ကျင်းပသွားမည်ဖြစ်ကြောင်း၊ ပျော်ပွဲရွှင်ပွဲဖြစ်သည့် ရေသဘင် ပွဲတော်ကိုမူ မကျင်းပတော့ကြောင်း ရခိုင်စာပေနှင့် ယဉ်ကျေးမှုအသင်း၏ ဥက္ကဋ္ဌ ဒေါ်စောခင်တင့်က ပြောဆိုသည်။
လက်ရှိတွင် ရခိုင်ပြည်နယ်၌ မြန်မာ့တပ်မတော်နှင့် ရခိုင်လက်နက်ကိုင်အဖွဲ့ (AA) တို့ကြား တိုက်ပွဲများ ပြင်းထန် နေပြီး အရပ်သားများ ထိခိုက်သေဆုံးမှု မြင့်တက်လာသည်။ ယင်းအခြေအနေမျိုးတွင် တိုက်ပွဲဖြစ်ပွားရာ မြို့နယ်အချို့တွင် သင်္ကြန်ပွဲတော် မကျင်းပတော့ကြောင်း ကြေညာထားကြရာ ရန်ကုန်တွင် မကျင်းပခြင်းမှာ ယင်းအခြေအနေနှင့်လည်း ဆက်စပ်မှု ရှိနေသည်။
“အဲဒါတွေနဲ့ အများကြီးဆိုင်ပါတယ်။ ဒေသခံပြည်သူလူထုနဲ့ တညီတညွတ်တည်း လုပ်ရတဲ့ကိစ္စတွေလည်း ရှိပါတယ်” ဟု ဒေါ်စောခင်တင့်က ပြောဆိုသည်။
ယင်းအပြင် လုံခြုံရေးအပိုင်းတွင်လည်း တာဝန်ကြီးမားလာနိုင်သည့် အခြေအနေရှိကြောင်း ၎င်းက ရှင်းပြသည်။
“လုံခြုံရေးပိုင်းကလည်း စိတ်ချရမှု နည်းတယ်။ တာဝန်ခံရတဲ့ လူကြီးတွေမှာလည်း တာဝန်ခံရမှု အရမ်းကြီး တယ်။ ပြဿနာတစ်ခုမှ မဖြစ်စေချင်ဘူး။ အဲဒီအတွက်လည်း မလုပ်ဖြစ်တာပါ” ဟု ၎င်းက ဆိုသည်။
ရန်ကုန်တိုင်း၊ ရခိုင်တိုင်းရင်းသားလူမျိုး ရေးရာဝန်ကြီးဌာနက ဦးဆောင်ကာ ယခုနှစ်တွင် ရေသဘင်ပွဲတော် ကျင်းပရန် သုဝဏ္ဏအားကစားကွင်းတွင် စီစဉ်ထားခြင်းဖြစ်မှ ဖျက်သိမ်းလိုက်ခြင်းဖြစ်သည်။
“လုံခြုံရေးနဲ့ စည်းလုံးမှုကို ထိခိုက်နိုင်တယ်။ နစ်နာနိုင်တယ်။ ဒေသခံရခိုင်သားတွေကိုလည်း ကိုယ်ချင်းစာတဲ့ အနေနဲ့ မလုပ်တာဖြစ်ပါတယ်” ဟု ဒေါ်စောခင်တင့်က ပြောဆိုသည်။
ရန်ကုန်မြို့တော်တွင် ရခိုင်ရိုးရာယဉ်ကျေးမှု သင်္ကြန်ပွဲတော်ကို ၂၀၁၄ ခုနှစ်မှစတင်ကာ ကျင်းပလာခြင်း ဖြစ်သည်။ မင်္ဂလာတောင်ညွန့်မြို့နယ်ရှိ သိမ်ဖြူယာဉ်မောင်းသင်ကွင်းတွင် ကိုးနှစ်ဆက်တိုက်ကျင်းပခဲ့ပြီးနောက် ၂၀၁၈ခုနှစ်အထိ သုဝဏ္ဏအားကစားကွင်းသို့ ပြောင်းလဲကျင်းနေခြင်းဖြစ်သည်။
The Voice Journal
0 comments:
Post a Comment