Sunday, April 28, 2019

ကုန်သွယ်မှုလိုငွေ ကန်ဒေါ်လာသန်း ၁၃၀၀ ကျော်လျော့


ပို့ကုန်တိုးလာခြင်းနှင့်အတူ သွင်းကုန်လျော့ကျခြင်းကြောင့် ယခင်ဘဏ္ဍာနှစ် အလားတူကာလကထက် ကုန်သွယ်မှုလို ငွေပြသမှုပမာဏသည် အမေရိကန်ဒေါ်လာ သန်း ၁၃၅၀ ကျော်အထိလျော့ကျကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၏ ကုန်သွယ်မှုကိန်းဂဏန်းများအရ သိရသည်။ 
ကုန်သွယ်မှု လိုငွေပမာဏသည် ယခင် ဘဏ္ဍာနှစ် အောက်တိုဘာလ ၁ ရက်မှ ဧပြီလ တတိယပတ်အတွင်းက အမေရိကန် ဒေါ်လာ သန်း ၂၂၀၀ ကျော်အထိရှိခဲ့ရာမှ ယခု ဘဏ္ဍာနှစ် အလားတူကာလအတွင်း ကုန်သွယ်မှုလိုငွေပမာဏသည် အမေရိကန် ဒေါ်လာ ၈၄၅ သန်းသာရှိကြောင်း ယင်းကိန်းဂဏန်းများအရ သိရသည်။ 

ယခုဘဏ္ဍာနှစ် ခုနစ်လအတွင်း ပို့ကုန်ပမာဏသည် ယခင်နှစ်ကထက် အမေရိကန်ဒေါ်လာ သန်း ၇၄၀ ကျော်ပိုတိုးလာခဲ့ပြီး သွင်းကုန်မှာ ယင်းကာလတူအတွင်း အမေရိကန်ဒေါ်လာသန်း ၆၀၀ ကျော် လျော့ကျကြောင်း စီးပွား/ကူးသန်း ဝန်ကြီးဌာနထံမှ သိရသည်။ 

ယခုဘဏ္ဍာနှစ်အတွင်း ပို့ကုန်ပစ္စည်းများတွင် တရုတ်နိုင်ငံ၏ ဖမ်းဆီးမှုများကြောင့် ဆန်၊ ပြောင်းနှင့် သကြားတို့ တင်ပို့မှုလျော့ကျသော်လည်း အထည်ချုပ်ကဏ္ဍမှ တင်ပို့မှုမြင့်တက်လာခြင်းနှင့်အတူ အိန္ဒိယနိုင်ငံ၏ အခြေအနေကြောင့် တင်ပို့မှုလျော့ကျမည်ဟု ခန့်မှန်းထားသော ပဲမျိုးစုံတင်ပို့မှုမှာလည်း တိုးတက်လာခဲ့သည့်အတွက် ပို့ကုန်ပမာဏတိုးလာခြင်းဖြစ်ကြောင်း၊ သွင်းကုန်မှာမူ မော်တော်ယာဉ်ကဲ့သို့ တန်ဖိုးကြီးကုန်ပစ္စည်းများ တင်သွင်းမှုလျော့ကျခြင်းကြောင့် လျော့ကျခြင်းဖြစ်ကြောင်း စီးပွားရေးလုပ်ငန်းရှင်များက ဆိုသည်။ 

ယခုဘဏ္ဍာနှစ်အတွင်း ပို့ကုန် အမေရိကန်ဒေါ်လာ သန်း ၈၉၈၀ ကျော်နှင့် သွင်းကုန် အမေရိကန်ဒေါ်လာ သန်း ၉၈၂၀ ကျော်ရှိကြောင်း စီးပွား/ကူးသန်း ဝန်ကြီးဌာနထံမှ သိရသည်။

The Voice

0 comments:

Post a Comment