Saturday, April 27, 2019

လွတ်ငြိမ်းခွင့်ဖြင့် လွတ်မြောက်သူ ခုနစ်ထောင်နီးပါးတွင် နိုင်ငံရေး အကျဉ်းသား သုံးဦးသာပါ၊ ခြောက်ထောင်ကျော် ထပ်လွှတ်မည်


ယခုနှစ်တွင် နိုင်ငံတော်သမ္မတက ဒုတိယအကြိမ်အဖြစ် ဧပြီလ ၂၆ ရက်နေ့တွင် အကျဉ်းသား ခုနစ်ထောင်နီးပါးကို လွတ်ငြိမ်းသက်သာခွင့်ပေးလိုက်ရာ ယင်းအနက် နိုင်ငံသားရေးအကျဉ်းသား သုံးဦးသာပါဝင်ကြောင်း နိုင်ငံရေးအကျဉ်းသားစောင့်ရှောက်သူများအဖွဲ့ (AAPP) တာဝန်ခံ ဦးအောင်မျိုးကျော်က ပြောကြားသည်။ 
အကျဉ်းကျခံနေရသူ ၆၉၄၈ ဦးကို နိုင်ငံတော်သမ္မတ၏ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ဖြင့် ဒုတိယအကြိမ်အဖြစ် လွှတ်ပေးလိုက်ခြင်းဖြစ်ပြီး တတိယအကြိမ်အဖြစ် အကျဉ်းသားခြောက်ထောင်ကျော် ဆက်လက်လွှတ်ပေးရန် စီစဉ်နေကြောင်း နိုင်ငံတော်သမ္မတရုံး၏ ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက မီဒီယာများကို ပြောဆိုသည်။ 
ဧပြီလ ၂၆ ရက်နေ့က လွတ်ငြိမ်းသက်သာခွင့်ပေးသည့် အကျဉ်းသား ၆၉၀၀ ကျော်မှာ ကချင်၊ ကယား၊ ကရင်၊ စစ်ကိုင်း၊ တနင်္သာရီ၊ ပဲခူး၊ မကွေးစသည့် တိုင်းနှင့်ပြည်နယ် ခုနစ်ခုမှဖြစ်ပြီး တတိယအကြိမ်တွင် မြန်မာနိုင်ငံအောက်ပိုင်း ဒေသများက အကျဉ်းကျနေသူများကို ထပ်မံလွှတ်ပေးရန် အစီအစဉ်ရှိကြောင်း ဦးဇော်ဌေး က ပြောဆိုသည်။ 
“အဓိကအားဖြင့် မူးယစ်ဆေးဝါးလက်ဝယ်ကိုင်ဆောင်မှု၊ နောက်တစ်ခုက မူးယစ်ဆေးဝါးသုံးစွဲတဲ့အမှု ပုဒ်မ ၁၆၊ အဲဒါတွေနဲ့ ပက်သက်လို့ အကျဉ်းကျခံနေရတဲ့သူတွေကို ဦးစားပေးပြီးလွှတ်ပါတယ်” ဟု ၎င်းကဆိုသည်။ 
မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်း လဲစေတတ်သော ဆေးဝါးများဆိုင်ရာဥပဒေကို မပြင်ဆင်ခင်က ပြစ်ဒဏ်ချခံရသူများဖြစ်ပြီး ၂၀၁၈ ခုနှစ်က ယင်းဥပဒေကို ပြင်ဆင်လိုက်ရာ ပုဒ်မ ၁၅ နှင့် ၁၆ တို့၏ ပြစ်မှုနှင့် ပြစ်ဒဏ်သတ်မှတ်ချက်ကို လျော့ချခဲ့သည်။ 
ထို့ကြောင့် ဥပဒေမပြင်ခင်က ပြစ်ဒဏ်ချမှတ်ခံရသူများမှာ တည်ဆဲဥပဒေဖြင့် နှိုင်းယှဉ်လျှင် ပြစ်ဒဏ်ကို အဆမတန် ခံနေရသည့်သဘောနေကြောင်း ဦးဇော်ဌေးက ပြောဆိုသည်။ 
“နောက်တစ်ခုက ပြင်လိုက်တဲ့ မူးယစ်ဥပဒေအရဆိုရင် မူးယစ်ဆေးဝါးသုံးစွဲသူတွေက သားကောင်တွေ ဖြစ်တယ်။ သားကောင်တွေကို နောက်ပိုင်း ဥပဒေပြင်ဆင်ချက်အရဆိုရင် ပြစ်ဒဏ်မချရဘူး” ဟု ၎င်းကဆိုသည်။ 
မြန်မာနိုင်ငံ အကျဉ်းထောင်များတွင် မူးယစ်ဆေးဝါးသုံးစွဲသူများနှင့် ပမာဏနည်းပါးစွာ ကိုင်ဆောင်သူများစွာ ပြစ်ဒဏ်ချခံနေရသဖြင့် သမ္မတက သုံးသပ်ကာ လွတ်ငြိမ်းသက်သာခွင့်ပေးလိုက်ခြင်းဖြစ်ကြောင်း ၎င်းကဆိုသည်။ 
ဧပြီလ ၂၆ ရက်နေ့တွင် လွတ်ငြိမ်းသက်သာခွင့်ပေးရာတွင် မြစ်ကြီးနားအကျဉ်းထောင်မှ နိုင်ငံရေးအကျဉ်းသား သုံးဦး ပါဝင်လာကြောင်း ဦးအောင်မျိုးကျော် က ဆိုသည်။ 
၂၀၁၈ ခုနှစ် မေလက တိုက်ပွဲများကြား ပိတ်မိနေသော စစ်ဘေးသင့်ပြည်သူများ လွတ်မြောက်ရေးဆန္ဒပြစဉ် တပ်မတော်ကို အသရေဖျက်သည်ဟုဆိုကာ ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၀ ဖြင့် ထောင်ဒဏ် ခြောက်လချမှတ်ခံခဲ့ရသည့် ကိုဇော်ဂျက်၊ ကိုလွန်းဇောင်အပြင် အခြားနိုင်ငံရေးအကျဉ်းသားတစ်ဦးဖြစ်ကြောင်း (AAPP) ထံမှ သိရသည်။ 
မြန်မာနိုင်ငံရှိအကျဉ်းထောင်များတွင် နိုင်ငံရေးအကျဉ်းသား ၄၂ ဦးအထိ ကျန်နေပြီး တတိယအကြိမ် လွတ်ငြိမ်းသက်သာခွင့်တွင် ပါဝင်လာရန် မျှော်လင့်ကြောင်း ဦးအောင်မျိုးကျော်က ပြောဆိုသည်။ 
“တတိယတစ်ခေါက်မှာတော့ လွှတ်လိုက်မယ်လို့ မျှော်လင့်ပါတယ်။ လွှတ်လည်း လွှတ်ပေးပါလို့ သမ္မတကြီးကို တောင်းဆိုပါတယ်” ဟု ၎င်းက ဆိုသည်။ 
နောက်တစ်ကြိမ်လွှတ်ပေးမည့် အကျဉ်းသားများတွင် AAPP က တင်ပြထားသည့် အကျဉ်းသားများ လွှတ်ပေးရန်အတွက် သုံးသပ်နေကြောင်း၊ ယင်းအပြင် နိုင်ငံရေးနှင့်ပတ်သက်၍ လွှတ်ပေးရန် တင်ပြထားသူများကိုလည်း လွတ်ငြိမ်းသက်သာခွင့်ပေးရန် အစီအစဉ်ရှိကြောင်း ဦးဇော်ဌေးက ပြောဆိုသည်။ 
တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းသုံးဖွဲ့က အကျဉ်းကျခံနေရသည့် တပ်ဖွဲ့ဝင်များကို ပြန်လွှတ်ပေးရန် အဆိုပါအဖွဲ့များက နိုင်ငံတော်သမ္မတနှင့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်တို့ထံ တင်ပြထားပြီး အဆိုပါတပ်ဖွဲ့ဝင်များကို ပြန်လွှတ်ပေးမည် ဖြစ်ကြောင်း ၎င်းကဆိုသည်။ 
“အထူးသဖြင့် AAPP ပေါ့၊ အဲဒီ စာရင်းတွေရှိတယ်။ ဒါတွေလည်း ကျွန်တော်တို့ ပြန်သုံးသပ်နေပါတယ်။ လူကြီးတွေလည်း ဒါကိုအလေးထားပြီး ဆောင်ရွက်လျက်ရှိပါတယ်။ တချို့ မြန်မာလူ့အဖွဲ့အစည်းကြားမှာ တော်တော်များများကြီးကြီးမားမား ဖြစ်သွားတဲ့လူတွေရှိတယ်။ အဲဒါတွေကိုလည်း နောက်အသုတ်ကျရင် ပါလာဖို့ မှန်းပါတယ်” ဟု ၎င်းကဆိုသည်။ 

ထို့ကြောင့် တတိယအကြိမ် လွတ်ငြိမ်းသက်သာခွင့်ပြီးမှသာ လွတ်ငြိမ်းသက်သာခွင့်များမှာ မျှတမှု ရှိ မရှိ သုံးသပ်နိုင်မည်ဖြစ်ကြောင်း ဦးဇော်ဌေးက ဆိုသည်။ 
ဧပြီလ ၁၇ ရက်နေ့ (နှစ်ဆန်းတစ် ရက်) က ပထမအကြိမ် လွတ်ငြိမ်းသက်သာခွင့်တွင် နိုင်ငံခြားသား ၁၆ ဦး အပါအဝင် စုစုပေါင်း အကျဉ်းသား၊ အကျဉ်းသူ ၉၅၅၁ ဦးကို ပြန်လွှတ်ပေးခဲ့သည်။

THE VOICE JOURNAL

 

0 comments:

Post a Comment