Thursday, April 25, 2019

လွတ်ငြိမ်းမပါ၍ ထောင်ဆူပူမှုများ ဖြစ်ပွားပြီးနောက် အကျဉ်းသား ၇၀၀၀ နီးပါး ထပ်လွှတ်ပေး


မြန်မာနှစ်သစ်ကူးကာလ သမ္မတ လွတ်ငြိမ်းသက်သာခွင့်ဖြင့် အကျဉ်းထောင်များမှ အကျဉ်းသားများအား လွှတ်ပေးရာတွင် လွတ်သင့်လွှတ်ထိုက်သူများ မပါဝင်၍ အကျဉ်းထောင် သုံးခုထက်မနည်း ဆူပူမှု ဖြစ်ပွားခဲ့ပြီး နောက် ဧပြီ ၂၆ ရက်နေ့တွင် နိုင်ငံတော်သမ္မတမှ အကျဉ်းသား ၇၀၀၀ နီးပါး ထပ်မံ လွှတ်ပေးခဲ့သည်။ 
ယခု ထွက်ရှိလာသည့် လွတ်ငြိမ်းသက်သာခွင့် အမိန့်စာတွင် “လွှတ်သင့်လွှတ်ထိုက်သူများကိုလည်း စနစ်တကျ စိစစ်လျက် ရှိပြီး လွတ်ငြိမ်းသက်သာခွင့် ဆက်လက်ပေးသွားမည်ဖြစ်ပါသည်” ဟု ဖော်ပြထားသည်။ 

ပြည်သူလူထု နှလုံးစိတ်ဝမ်းအေးချမ်းစေရေး နှင့် လူသားချင်း စာနာထောက်ထားမှုကို အလေးထားသည့် အနေဖြင့် အကျဉ်းထောင်များထဲတွင် အကျဉ်းကျနေသည့် နိုင်ငံသား အကျဉ်းသား ၆၉၄၈ ဦး ကို ရာဇဝတ် ကျင့်ထုံး ဥပဒေ ပုဒ်မ ၄၀၁ ၊ ပုဒ်မခွဲ(၁) အရ စည်းကမ်းသတ်မှတ်ချက် မထားဘဲ လွတ်ငြိမ်းသက်သာခွင့် ပေးခဲ့ခြင်းလည်းဖြစ်သည်။ 

တိုင်းနှင့်ပြည်နယ် ၇ ခုရှိ အကျဉ်းထောင်များမှ အကျဉ်းသားများ လွတ်မြောက်လာခြင်းဖြစ်ပြီး မူးယစ်ဆေးဝါး အမှုဖြင့် ထောင်ဒဏ်ကျခံရသူများအများဆုံးဖြစ်သည်ဟု အကျဉ်းဦးစီးဌာနက ဆိုသည်။ 

“ဒီနေ့တော့ အင်းစိန်ထောင်က လွတ်မြောက်တဲ့သူ မပါပါဘူး။ ပြီးခဲ့တဲ့ နှစ်ဆန်းတစ်ရက်နေ့ကတော့ အင်းစိန် ထောင်ကနေ အကျဉ်းသား ၇၀၀ ကျော် လွှတ်ပေးခဲ့ပြီး ဖြစ်ပါတယ်” ဟု အင်းစိန်ထောင်မှူးကြီး ဦးဇော်ဇော်က မဇ္ဈိမသို့ ပြောသည်။ 

ပြီးခဲ့သည့် ဧပြီ ၁၇ ရက် မြန်မာနှစ်ဆန်း ၁ ရက်နေ့တွင်လည်း အကျဉ်းသား ၉၅၀၀ ကျော်ကို သမ္မတအမိန့်ဖြင့် လွတ်ငြိမ်းသက်သာ ခွင့်ပေးခဲ့သည်။

Mizzima - News in Burmese

0 comments:

Post a Comment