Thursday, April 25, 2019

နီးကပ်သောဆက်ဆံရေးတည်ဆောက်မည်ဟု ကင်ဂျုံအန်းနှင့်ပူတင် ပြောကြား


ရုရှားသမ္မတ ဗလာတီမာပူတင်နှင့် မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းတို့ မျက်နှာချင်းဆိုင် ပထမဆုံးအကြိမ် တွေ့ဆုံကြပြီးနောက် ပိုမိုနီးကပ်သော ဆက်ဆံရေးကို တည်ထောင်သွားမည်ဟု ပြောကြားခဲ့ကြောင်း AFP သတင်းတစ်ရပ်က ဖော်ပြထားသည်။ 
ဝါရှင်တန်နှင့် နျူကလီးယားအရေး ရှေ့မတိုးသာဖြစ်နေစဉ်မှာ ကင်ဂျုံအန်းသည် နောက်ထပ် ထောက်ခံမှုကိုရလိုလျက်ရှိပြီး ပူတင်ကလည်း ကမ္ဘာ့အရေး အခင်းတစ်ခုတွင် ကစားသမားတစ်ဦးအဖြစ် နေရာရလိုလျက်ရှိသည်။ 

အဆိုပါ ခေါင်းဆောင်နှစ်ဦးသည် ရုရှားနိုင်ငံအရှေ့ဖျား ဗလာဒီဗိုစတော့ခ်တွင် တွေ့ဆုံကြခြင်းဖြစ်သည်။ 

ယင်းဆွေးနွေးပွဲသို့မရောက်ခင် ခေါင်းဆောင်နှစ်ဦးက သမိုင်းဝင်ဆက်ဆံရေးအတွက် မျှော်လင့်ချက်များစွာရှိပါကြောင်း ပြောကြားခဲ့ကြသည်။ 

“ခင်မင်မှုနဲ့ သမိုင်းရှည်ကြာစွာ ရှိခဲ့တဲ့ နှစ်နိုင်ငံအကြား ဆက်ဆံရေး တည်ဆောက်ရာမှာ အသုံးဝင်တဲ့ တွေ့ဆုံပွဲ ဖြစ်မှာဖြစ်ပြီး ပိုမိုတည်ငြိမ်ပြီး ခိုင်မာတဲ့ ဆက်ဆံရေးဖြစ်လာမှာပါ”ဟု ကင်ဂျုံအန်းက ပြောကြားသည်။ 

“ကမ္ဘာတစ်ဝန်းလုံးဟာ ကိုရီးယားကျွန်းဆွယ်အရေးကို အာရုံစိုက်နေပြီး အဓိပ္ပာယ်ပြည့်ဝတဲ့ ဆွေးနွေးမှုမျိုး ကျွန်တော်တို့ ဆောင်ရွက်နိုင်မှာပါ”ဟု ၎င်းက ဆိုသည်။ 

ကိုရီးယားကျွန်းဆွယ် တင်းမာမှု လျော့ပါးရေးအတွက် ဆောင်ရွက်နေသော လုပ်ငန်းများကို ထောက်ခံပါကြောင်း ပူတင်ကပြောကြားကာ စီးပွားရေးအရ ပေါင်းစည်းဆောင်ရွက်မှုများကို လိုလားသည်ဟု ပြောကြားခဲ့သည်။ 

“အဆွေတော်ရဲ့ ခရီးလာရောက်မှုဟာ ကိုရီးယားကျွန်းဆွယ်အခြေအနေကို ကျွန်တော်တို့ ဘယ်လိုမျိုးဖြေရှင်းဖို့ရာမှာ အကူအညီဖြစ်စေမယ်ဆိုတာနဲ့ လက်ရှိ ရှိနှင့်ပြီးသား အပြုသဘောဆောင်တဲ့ လုပ်ငန်းစဉ်ကို ရုရှားအနေနဲ့ ဘယ်လိုထောက်ပံ့ကူညီနိုင်မယ်ဆိုတာ ပိုမိုနားလည်စေနိုင်ပါမယ်”ဟု သမ္မတပူတင်က ပြောကြားခဲ့သည်။ 

“နှစ်နိုင်ငံ ဆက်ဆံရေးမှသည် စီးပွားရေး ဆက်သွယ်ရေး ပိုမိုကောင်းမွန်စေဖို့ လုပ်စရာတွေ များစွာရှိနေပါတယ်”ဟု ၎င်းက ပြောကြားခဲ့သည်။ 

အဆိုပါတွေ့ဆုံပွဲသည် သဘောတူညီမှုတစ်စုံတစ်ရာမရရှိခဲ့သော ကင်ဂျုံအန်း နှင့်ထရမ့်တို့၏ ဗီယက်နမ် အစည်းအဝေးပြီးနောက် မြောက်ကိုရီးယားခေါင်းဆောင်၏ ပထမဆုံး ပြည်ပအစည်းအဝေးလည်းဖြစ်သည်။

The Voice

0 comments:

Post a Comment