Wednesday, April 3, 2019

အမေရိကန်တွင် ထောင်ထွက်များ အလုပ်လက်မဲ့နှုန်း လျော့ချရေးကို ထရမ့် ဆက်လက်ဖေါ်ဆောင်မည်


အမေရိကန်မှာ ထောင်ထွက်များအကြား အလုပ်ရရှိနှုန်း ပိုတိုးတက်ကောင်းမွန်လာရေးအတွက် ပြစ်မှုဆိုင်ရာတရားစီရင်ရေးပြုပြင်ပြောင်းလဲမှုများကို မိမိအနေဖြင့် ဆက်လက်ဖေါ်ဆောင်သွားမည်ဖြစ်ကြောင်း သမ္မတထရမ့်က ဧပြီ ၁ ရက်နေ့မှာ ပြောကြားခဲ့ပါတယ်။ 
တရားသူကြီးများအနေဖြင့် မူးယစ်ဆေးဝါးအမှုများမှာ ပြစ်ဒဏ်အတွက် ပိုမိုလွတ်လပ်စွာ စီရင်နိုင်ပြီး အကျဉ်းသားများ ပြန်လည်ထူထောင်နိုင်စေရေးကိုလည်း တိုးမြှင့်မယ့် “ပထမခြေလှမ်း”ဥပဒေကို ၂၀၁၈ ခုနှစ်မှာ အမေရိကန်လွှတ်တော်က အတည်ပြုပြီး ဒီဇင်ဘာမှာ ထရမ့်က လက်မှတ်ရေးထိုး ပြဋ္ဌာန်းပေးခဲ့ပါတယ်။ ၄င်းဥပဒေကို ရီပတ်ဗလစ်ကန်တွေက ထောက်ခံကြပြီး မူးယစ်ဆေးဝါးအမှု အတွက် ယခင်သတ်မှတ်ထားခဲ့တဲ့ အနိမ့်ဆုံးပြစ်ဒဏ်တွေဟာ တရားမျှတမှုမရှိခဲ့လောက်ဘူးဟု ဒီမိုကရက်တွေကလည်း ရှုမြင်ကြပါတယ်။ 

ထရမ့်ကတော့ ပြစ်မှုရာဇဝင်ရှိထားသူတွေကြား အလုပ်လက်မဲ့ဖြစ်နေရတဲ့နှုန်းဟာ နိုင်ငံတွင်း ပျမ်းမျှအလုပ်လက်မဲ့ ဦးရေနှုန်းထက် ၅ ဆအထိ ပိုများနေပြီး ၂၀ ရာခိုင်နှုန်းခန့် ရှိနေကြောင်း ပြောကြားခဲ့ပါတယ်။ 

ပထမခြေလှမ်းအပြီး “ဒုတိယခြေလှမ်း”ဥပဒေဟာ ၄င်းတို့ကို လူ့အသိုင်းအဝိုင်းထဲ ပြန်လည်ဝင်ဆန့် နိုင်စေရေးနဲ့ အလုပ်လက်မဲ့ထောင်ထွက်ဦးရေ လျော့ချရေးတို့ကို အဓိကဖေါ်ဆောင်မည်ဖြစ်ကြောင်း လည်း ပြောပြခဲ့ပါတယ်။ ဒါ့ပြင် ထောင်ထွက်များအကြား အလုပ်လက်မဲ့ဖြစ်နှုန်းကို ၅ နှစ်အတွင်း ၁၀ ရာခိုင်နှုန်းအောက်ထိ လျော့ချပေးရန် ရည်မှန်းထားကြောင်း သိရပါတယ်။ 

လာမည့်ဥပဒေနဲ့စပ်လျဉ်းပြီး ထရမ့်က အသေးစိတ်မပြောကြားခဲ့ပေမယ့် အိမ်ဖြူတော် အစိုးရအဖွဲ့ကတော့ ထရမ့်ဟာ ၄င်းကိစ္စဖေါ်ဆောင်ရေးအတွက် လာမည့်ဘဏ္ဍာရေးနှစ်မှာ ကန်ဒေါ်လာသန်း ၅၀၀ သုံးစွဲမည်ဖြစ်ကြောင်း ပြောခဲ့ပါတယ်။ 

“အမေရိကန်တွေကို အလုပ်ခန့်မယ်လို့ ပြောလိုက်ရင် ကျုပ်တို့ဟာ ပြစ်ဒဏ်အတွက် ပြန်လည် ပေးဆပ်ပြီးတဲ့ အကျဉ်းသားဟောင်းတွေအပါအဝင် အမေရိကန်နိုင်ငံသားအားလုံးကို ရည်ရွယ် ပြောဆိုနေတာဖြစ်တယ် ”ဟု ထရမ့်က ပြောကြားခဲ့ပါတယ်။ 

ZHO (အကုန်သိ သတင်းဌာန)

0 comments:

Post a Comment