Wednesday, April 3, 2019

ကျောက်တော်မြို့နယ်၊ ကန်ဇောက်ကျေးရွာ၌ AA ၃ ဦးနှင့် AA နှင့်ဆက်သွယ်ခဲ့သည့် သံဃာ ၂ ပါး အားဖမ်းဆီး


ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့၊ ကန်ဇောက်ကျေးရွာနှင့် အနီးပတ်ဝန်းကျင် နယ်မြေစိုးမိုးရေးနှင့် လုံခြုံရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသော တပ်မတော်စစ်ကြောင်းက ဧပြီ ၁ ရက်တွင် AA အကြမ်းဖက်သောင်းကျန်းသူ ၃ ဦးနှင့် AA အကြမ်းဖက် သောင်းကျန်းသူများနှင့် ဆက်သွယ်ခဲ့သည့် သံဃာ ၂ ပါးအား ဖမ်းဆီးရမိခဲ့ကြောင်း သိရှိရသည်။ 
ဖြစ်စဉ်မှာ တပ်မတော်လုံခြုံရေးစစ်ကြောင်းက ကန်ဇောက်ကျေးရွာအနီး စစ်တွေ-ကျောက်တော်ကားလမ်း၌ ယာဉ်သွားလာမှုများအား စစ်ဆေးလျက်ရှိစဉ် ယင်းနေ့ည ၉ နာရီခန့်တွင် စစ်တွေဘက်မှ ကျောက်တော် ဘက်သို့ မောင်းနှင်လာသည့် CINA အမျိုးအစား ယာဉ်အမှတ်၊ YGN-3G---- အား ရပ်တန့်စစ်ဆေးရာ ယာဉ်ပေါ်၌ လက်ပြန်ကြိုးတုပ်ထားခြင်းခံရသူ မသင်္ကာဖွယ်တစ်ဦးအား တွေ့ရှိရသဖြင့် ဆက်လက်စစ်ဆေးရာ လက်ပြန်ကြိုး တုပ်ထားခြင်းခံရသူမှာ AA အကြမ်းဖက်သောင်းကျန်းသူအဖွဲ့ထံမှ ထွက်ပြေးလာသည့် ပုဏ္ဏားကျွန်းမြို့နယ်၊ ပေါက်တောကျေးရွာနေ အမှတ်၊ AA -၄၅၇၈၊ အဆင့်(စိစစ်ဆဲ) မြထွန်းဆိုသူဖြစ်ကြောင်း ကနဦးသိရှိရသည်။ 

ထို့ကြောင့် အသေးစိတ်စစ်ဆေးမှုများ ဆက်လက်ပြုလုပ်ခဲ့ရာ ယာဉ်အား ပုဏ္ဏာကျွန်းမြို့၊ သီရိမဇ္ဇူ ကျောင်းတိုက် ဆရာတော် ဦးသုဝန(၃၉နှစ်) လူအမည် ဦးသိန်းကျော်က မောင်းနှင်လာပြီး ယာဉ်ပေါ်မှ မြောက်ဦးမြို့၊ ဂန္ဓမာတောင်ကျောင်းတိုက်နေ ဦးဥာဏ (၄၀နှစ်)လူအမည် ဦးခိုင်လှထွန်းနှင့် AA အကြမ်းဖက် သောင်းကျန်းသူ ပုဏ္ဏားကျွန်းမြို့နေ အမှတ်၊ AA -၃၈၅၄၊ အဆင့်(စိစစ်ဆဲ) သိန်းဟန်(၂၀နှစ်)နှင့် AA အကြမ်းဖက် သောင်းကျန်းသူအဖွဲ့သို့ဝင်ရန် လိုက်ပါလာသည့် ပုဏ္ဏားကျွန်းမြို့နေ ကျော်ဆန်း(၂၆နှစ်) တို့ဖြစ်ကြောင်း သိရှိရသည်။ 

ဖမ်းဆီးရမိသူများအနက် AA အကြမ်းဖက်သောင်းကျန်းသူ သိန်းဟန်အား စစ်ဆေးမေးမြန်းချက်များအရ AA အကြမ်းဖက်သောင်းကျန်းသူအဖွဲ့မှ ညီညီစိုးဆိုသူက ၎င်းထံဖုန်းဖြင့်ဆက်သွယ်၍ AA အကြမ်းဖက် သောင်းကျန်းသူအဖွဲ့မှ ထွက်ပြေးသော မြထွန်းအား ခေါ်ဆောင်ကာ ကျောက်တော်မြို့နယ်၊ ကွမ်းအုံချောင်း ကျေးရွာအနီး ပိတောက်ချောင်းတံတား အကျော်တောစပ်သို့ လာရောက်ပို့ဆောင်ရန်နှင့် တောစပ်သို့ ရောက်ရှိပါက ထွန်းလင်းနိုင်ထံသို့ လွှဲပြောင်းပေးရန်စေခိုင်းခဲ့သဖြင့် မြထွန်းအား လက်ပြန်ကြိုးတုပ်၍ ဖမ်းဆီး ခေါ်ဆောင်လာခဲ့ကြောင်း၊ ပိတောက်ချောင်းတောအစပ်သို့ သွားရောက်ရန် ဦးသုဝန (လူအမည် ဦးသိန်းကျော်)က ယာဉ်ဖြင့် ပုဏ္ဏားကျွန်းမြို့အနီးသို့ လာရောက်ခေါ်ဆောင်ခဲ့ကြောင်း ထွက်ဆိုခဲ့သဖြင့် ဦးသုဝန ကိုင်ဆောင်သည့်ဖုန်းအား ဆက်လက်စစ်ဆေးခဲ့ရာ ထွန်းလင်းနိုင် ဆိုသူနှင့် ဖုန်းဆက်သွယ်ထားရှိမှုများ တွေ့ရှိရသဖြင့် အဆိုပါသံဃာ ၂ ပါး မှာလည်း AA အကြမ်းဖက်သောင်းကျန်းသူများနှင့် ဆက်သွယ်မှုများ ရှိကြောင်း စစ်ဆေး တွေ့ရှိခဲ့ရသည်။ 

အဆိုပါဖမ်းဆီးရမိသူများအနက် သံဃာ ၂ ပါးအား စစ်တွေမြို့နယ်သံဃာ့ နာယက တောင်ရွှေရာကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တ ဓမ္မိက ရှေ့မှောက်တွင် အပ်နှံ၍ သာသနာ့ စည်းမျဉ်းစည်းကမ်းများနှင့်အညီ သိက္ခာချ လူဝတ်လဲစေခဲ့ပြီး ကျန်သူများနှင့်အတူ တရားဥပဒေအရ အရေးယူနိုင်ရေး ဆက်လက်ဆောင်ရွက်လျက် ရှိကြောင်း သတင်းရရှိသည်။

ပဉ္စမလှိုင်း 
The Fifth Wave News 

0 comments:

Post a Comment