Thursday, April 25, 2019

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် တရုတ်ဝန်ကြီးချုပ်လီခယ်ကျင်းတို့ တွေ့ဆုံပြီး တရုတ်-မြန်မာစီးပွားရေးစင်္ကြန်ပူးပေါင်းဆောင်ရွက်မှု အစီအစဉ် (၂၀၁၉-၂၀၃၀) ဆိုင်ရာ နားလည်မှုစာချွန်လွှာအပါအဝင် စီးပွားရေး နှင့်နည်းပညာကဏ္ဍစာချုပ်များ လက်မှတ်ရေးထိုး


နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် တရုတ်ဝန်ကြီးချုပ် လီခယ်ကျင်းတို့ တွေ့ဆုံပြီး တရုတ်- မြန်မာ စီးပွားရေးစင်္ကြန် ပူးပေါင်းဆောင်ရွက်မှု အစီအစဉ် ( ၂၀၁၉- ၂၀၃၀) ဆိုင်ရာ နားလည်မှုစာချွန်လွှာအပါအဝင် စီးပွားရေးနှင့် နည်းပညာကဏ္ဍ သဘောတူစာချုပ်များလက်မှတ်ရေးထိုးခဲ့ကြောင်း ပြန်ကြားရေး ဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။ 
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် တရုတ်ဝန်ကြီးချုပ်တို့မှာ ဧပြီ ၂၅ ရက်တွင် ကျောက်ယုထိုင် နိုင်ငံတော် ဧည့်ဂေဟာတွင် တွေ့ဆုံခဲ့ခြင်းဖြစ်ပြီး သဘောတူစာချုပ်များကို လက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်သည်။ 

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် တရုတ်နိုင်ငံဝန်ကြီးချုပ် လီခယ်ကျင်းတို့၏ ရှေ့မှောက်၌ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဆက်အောင်နှင့် တရုတ်နိုင်ငံ အမျိုးသား ဖွံ့ဖြိုးတိုးတက်မှုနှင့် ပြုပြင်ပြောင်းလဲမှုကော်မရှင် ဒုတိယဥက္ကဋ္ဌ H.E .Mr.Zhang Yong တို့က တရုတ်- မြန်မာ စီးပွားရေးစင်္ကြန် ပူးပေါင်းဆောင်ရွက် မှုအစီအစဉ် ( ၂၀၁၉- ၂၀၃၀ ) ဆိုင်ရာ နားလည်မှုစာချွန်လွှာကို လည်းကောင်း၊ ဒုတိယဝန်ကြီး ဦးဆက်အောင်နှင့် တရုတ်နိုင်ငံစီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး H.E .Mr.Yu Jianhua တို့က စီးပွားရေးနှင့် ကုန်သွယ်ရေး ပူးပေါင်းဆောင်ရွက်ရန် ငါးနှစ်ဖွံ့ဖြိုးမှုအစီအစဉ်ရေး ဆွဲရေးဆိုင်ရာ နားလည်မှု စာချွန်လွှာကိုလည်းကောင်း၊ တရုတ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးသစ်လင်းအုန်းနှင့် မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံ သံအမတ်ကြီး ဟုန်လျန်တို့က အစိုးရနှစ်ခုအကြား စီးပွားရေးနှင့် နည်းပညာ ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ သဘောတူစာချုပ်ကိုလည်းကောင်း အပြန်အလှန် လက်မှတ်ရေးထိုးလဲလှယ်ကြသည်။ 

အလားတူ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် တရုတ်နိုင်ငံဝန်ကြီးချုပ်တို့သည် ရပ်ဝန်းနှင့် ပိုးလမ်းမပူးပေါင်းဆောင်ရွက်ရေး မူဘောင်အောက်မှ မြန်မာနိုင်ငံ၏ လမ်းပန်းဆက်သွယ်ရေးနှင့် သယ်ယူပို့ဆောင်ရေးဆိုင်ရာ အခြေခံအဆောက်အအုံများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပူးပေါင်းဆောင်ရွက်ရေး၊ မြန်မာနိုင်ငံမှ ဆန်တန်ချိန်တစ်သိန်းကို တရုတ်နိုင်ငံသို့ တင်သွင်းခွင့် ခွဲတမ်းအား ဆက်လက်ပေးအပ်ရေးနှင့် မြန်မာနိုင်ငံမှ လယ်ယာထွက်ကုန်ပစ္စည်းများနှင့် မွေးမြူရေး ထွက်ကုန်များ အနာဂတ်တွင် ပိုမိုဝယ်ယူနိုင်ရေးအတွက် ညှိနှိုင်းဆောင်ရွက်သွားရေး၊ နှစ်နိုင်ငံနယ်စပ်ဒေသတွင် ငြိမ်းချမ်းရေးနှင့် တည်ငြိမ်အေးချမ်းမှု ရရှိရေး၊ နှစ်နိုင်ငံ ကုန်သွယ်မှုပမာဏ တိုးမြှင့်နိုင်ရေးအတွက် နယ်စပ်ဒေသများတွင် တရားမဝင်ကုန်သွယ်မှုများ ပပျောက်ရေး၊ လူကုန်ကူးမှု ကာကွယ်တားဆီး ရေး၊ မြန်မာ-တရုတ် နှစ်နိုင်ငံ သံတမန်ဆက်ဆံရေး နှစ် ၇၀ ပြည့်မြောက်မည့် ၂၀၂၀ ပြည့်နှစ်တွင် နှစ်နိုင်ငံအကြား ကဏ္ဍပေါင်းစုံတွင် ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေးဆိုင်ရာ ကိစ္စရပ်များနှင့် ပတ်သက်၍ ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။ 

ထို့ပြင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ဧပြီ ၂၅ ရက် ဒေသစံတော်ချိန် ၉ နာရီ ၄၅ မိနစ်တွင် China National Convention Centre (CNCC) တွင်ပြုလုပ်သည့် ဒုတိယအကြိမ် မြောက် ရပ်ဝန်းနှင့် ပိုးလမ်းမအပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဖိုရမ်၏ ဘာသာရပ်ဆိုင်ရာ ဆွေးနွေးပွဲများအနက် People –to – People Connectivity ဆွေးနွေးပွဲသို့ တက်ရောက်၍ မိန့်ခွန်းတစ်ရပ် ပြောကြားခဲ့ကြောင်း သိရသည်။ 

ယင်းမိန့်ခွန်းတွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က မိမိတို့နိုင်ငံသည် ဖွံ့ဖြိုးဆဲနိုင်ငံဖြစ်ပြီး ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများတွင် ကူညီပေးပြီး မိမိတို့နှင့်အတူ ရပ်တည်ခဲ့သည့် မိတ်ဆွေများကို ကျေးဇူးတင်စကား ပြောလိုကြောင်း၊ ကြုံတွေ့ရမည့်စိန်ခေါ်မှုများရှိသော်လည်း ယုံကြည်နားလည်ပေးသူများနှင့် အပြန်အလှန်လေးစားမှုကို ယုံကြည်ကြသူများ၏ အကူအညီဖြင့် သာယာဝပြောရေးအတွက် ရှေ့ဆက်သွားနိုင်မည်ဟု ယုံကြည်ကြောင်း၊ စိန်ခေါ်မှုများ မည်သို့ပင်ရှိစေကာမှု ငြိမ်းချမ်းမှုနှင့် ဖွံ့ဖြိုးမှုလမ်းကြောင်းအား ဆက်လက်လျှောက်လှမ်းမည်ြ ဖစ်ကြောင်း ပြောကြားသည်။ 

ဒုတိယအကြိမ်မြောက် ရပ်ဝန်းနှင့် ပိုး လမ်းမ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင် ရွက်ရေးဖိုရမ်သို့တက်ရောက်ရန် တရုတ် နိုင်ငံ ပေကျင်းမြို့သို့ ရောက်ရှိနေသည့် နိုင်ငံ တော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင် ဆန်းစုကြည်သည် တရုတ်ဝန်ကြီးချုပ်နှင့် မတွေ့ဆုံမီ ဧပြီ ၂၄ ရက်က တရုတ်သမ္မတ ရှီကျင်ပင်းနှင့်လည်း တွေ့ဆုံခဲ့သည်။ 

ယင်းသို့ တွေ့ဆုံရာတွင် ရပ်ဝန်းနှင့် ပိုးလမ်းမ ပူးပေါင်းဆောင်ရွက်ရေးမူဘောင်အောက်မှ မြန်မာ-တရုတ် နှစ်နိုင်ငံပူးပေါင်း ဆောင်ရွက်မှုတိုးမြှင့်ရေး၊ အဆိုပါအစီအစဉ်အောက်မှ နှစ်နိုင်ငံပြည်သူများ၏ လူမှုဘဝ မြှင့်တင်ရေးနှင့် အကျိုးစီးပွားဖြစ်ထွန်းရေးအတွက် ပူးပေါင်းဆောင်ရွက်မှုများ အရှိန်မြှင့်တင်ရေး၊ နှစ်နိုင်ငံ ချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေး၊ ငြိမ်းချမ်းရေးနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် မြန်မာအစိုးရ၏ ကြိုးပမ်းအားထုတ်မှုများကို တရုတ်အစိုးရက ဆက်လက်အကူအညီပေးရေး၊ နယ်စပ်ဒေသတည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေး၊ ရခိုင်ပြည်နယ် အရေးကိစ္စနှင့်ပတ်သက်၍ နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေး လုပ်ငန်းစဉ်အောင်မြင်ရေးအတွက် ဆက်လက်ကြိုးပမ်းဆောင်ရွက်ရေးနှင့် တရုတ်အစိုးရမှ ဆက်လက်အကူအညီ ပေးရေးဆိုင်ရာကိစ္စရပ်များ၊ ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာ မျက်နှာစာတွင် နှစ် နိုင်ငံ ဆက်လက်ပူးပေါင်းဆောင်ရွက်ရေး၊ တရုတ်အစိုးရက မြန်မာနိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများနှင့် နည်းပညာပူးပေါင်းဆောင်ရွက်ရေးလုပ်ငန်းများအတွက် မြန်မာအစိုးရအား ယွမ်သန်း ၁၀၀၀ အကူအညီ အထောက်အပံ့ပေးမည့်ကိစ္စရပ်များကို ဆွေးနွေးခဲ့သည်။

Eleven Media Group 

0 comments:

Post a Comment