Thursday, April 25, 2019

အကျဉ်းထောင် နေရာကျပ်တည်းမှု ဖြေလျှော့ရန် အကျဉ်းထောင် သုံးခုနှင့် အချုပ်ထောင် တစ်ခု တိုးချဲ့ ဆောက်လုပ်နေဟု ပြည်ထဲရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ပြောကြား


အကျဉ်းထောင်များတွင် နေရာကျပ်တည်းမှုကို ဖြေလျှော့ရန် အကျဉ်းထောင် သုံးခု နှင့် အချုပ်ထောင် တစ်ခု တိုးချဲ့ ဆောက်လုပ်လျက်ရှိကြောင်း ပြည်ထဲရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးခိုင်ထွန်းဦးက ပြောကြားသည်။ 
ဝန်ကြီးဌာန အသီးသီး၏ တတိယ တစ်နှစ်တာကာလ ဆောင်ရွက်ချက်များကို သက်ဆိုင်ရာ ဝန်ကြီးဌာန တာဝန်ရှိသူများက နိုင်ငံပိုင် သတင်းစာများမှတစ်ဆင့် ထုတ်ပြန် ပြောဆိုရာတွင် ပြည်ထဲရေးဝန်ကြီးဌာန၏ ဆောင်ရွက်ချက်များကို အမြဲတမ်းအတွင်းဝန် ဦးခိုင်ထွန်းဦးက ဖြေကြားရာ၌ အထက်ပါအချက်ကို ထည့်သွင်း ပြောကြားခြင်း ဖြစ်သည်။ 

“ အကျဉ်းသူ၊ အကျဉ်းသားတွေ အကျဉ်းထောင်များအတွင်း နေရာကျပ်တည်းမှုတွေ ဖြေလျှော့နိုင်ဖို့အတွက် သုံးနှစ်တာ ကာလအတွင်း အကျဉ်းထောင် နှစ်ခုနဲ့ အချုပ်ထောင် နှစ်ခု ထပ်မံ ဆောက်လုပ်ပေးနိုင်ခဲ့ပြီး အကျဉ်းထောင် သုံးခုနဲ့ အချုပ်ထောင် တစ်ခုကို တိုးချဲ့ ဆောက်လုပ်ပေးလျက် ရှိပါတယ်” ဟု ၎င်းက ပြောကြားသည်။ 

အကျဉ်းထောင်နှင့် အချုပ်ထောင်များ တိုးချဲ့ ဆောက်လုပ်ခြင်းအပြင် ခေတ်နှင့်လျော်ညီသည့် အကျဉ်းသား စားစရိတ်များဖြင့် ကျွေးမွေးခြင်း၊ လွတ်မြောက် အကျဉ်းသားများကို သင့်လျော်သည့် ခရီးစရိတ်များ ထုတ်ပေးခြင်း အပါအဝင် အကျဉ်းသား ကျန်းမာရေး အသိပညာပေး လုပ်ငန်းများကိုလည်း ဆောင်ရွက်ခဲ့သည်ဟု ပြည်ထဲရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်က ပြောကြားသည်။ 

ဆောက်လုပ်ပြီး အကျဉ်းထောင် နှစ်ခုမှာ မိုးညှင်းနှင့် ဒိုက်ဦးတို့တွင်ဖြစ်ပြီး အချုပ်ထောင် နှစ်ခုမှာ တောင်ကြီးနှင့် နေပြည်တော်တို့တွင် ဖြစ်ကြောင်း အကျဉ်းဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးမင်းထွန်းစိုးက ပြောကြားသည်။ 

“ ဒီထောင်တွေ ဖွင့်တာက မြစ်ကြီးနားကထောင် တစ်ထောင်ပဲ ရှိတယ်။ အဲဒါကြောင့် မြစ်ကြီးနားနဲ့ ဟိုးဘက် ဖားကန့်တို့ ဘာတို့ဘက်က လူတွေ ထောင်ကျတော့ မြစ်ကြီးနားမှာ လာကျတယ်။ လာကျတဲ့ အခါကျတော့ သူတို့ မိသားစုတွေ လာတွေ့ရတဲ့ အခါကျတော့ ဝေးတယ်။ မြစ်ကြီးနားထောင်က လူတစ်ထောင်ပဲ ဆံ့တယ်။ အဲဒါကြောင့် မိုးညှင်းကို ဖွင့်လိုက်တဲ့ အခါကျတော့ မိုးညှင်း ပတ်ဝန်းကျင်မှာ ရှိတဲ့သူတွေ ပြစ်ဒဏ်ကျခဲ့ရင် အဲဒီမှာ မိသားစု ထောင်ဝင်စာ လာတွေ့ရင် နီးဖို့အတွက် စီမံပေးတာပါ” ဟု ၎င်းက ပြောကြားသည်။ 

ဆက်လက် ဆောက်လုပ်ဆဲ အကျဉ်းထောင် သုံးခုမှာ မကွေး၊ ကျိုက်မရောနှင့် သထုံတို့တွင်ဖြစ်ပြီး အချုပ်ထောင် တစ်ခုမှာ ဖားကန့်တွင် ဖြစ်သည်ဟု ဦးမင်းထွန်းစိုးက ပြောကြားသည်။ 

မြန်မာနိုင်ငံရှိ အကျဉ်းထောင်များတွင် ဝင်ဆံ့ အကျဉ်းသားဦးရေထက် များပြားနေခြင်းကြောင့် ထောင် ကျပ်တည်းမှုများ ဖြစ်ပေါ်လျက် ရှိကြောင်း မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်က ထောက်ပြ ပြောဆိုလျက်ရှိသည်။ 

“ဒီလို လူဦးရေ တိုးလာတဲ့နောက်မှ တင်ထားတဲ့ ကိစ္စမဟုတ်ဘူးပေါ့နော်။ လူမတိုးခင်တည်းက အစီအမံတွေ ရှိထားပြီးသား။ အားလုံးကတော့။ ထောင်အားလုံးက အဲဒီအတိုင်းပါပဲ” ဟု ဦးမင်းထွန်းစိုးက ပြောကြားသည်။ 

အကျဉ်းထောင် လူဦးရေ ကျပ်တည်းခြင်းအပေါ် အကျဉ်းထောင်များ တိုးချဲ့ဆောက်လုပ်ခြင်း၊ လွတ်ငြိမ်း သက်သာခွင့်ပေးခြင်းတို့ဖြင့် ဖြေရှင်းခြင်းက ရေတိုအကျိုးသက်ရောက်မှုသာ ဖြစ်စေပြီး ငွေကုန်ကြေးကျလည်း များကြောင်း၊ ဥပဒေနှင့် အကျဉ်းထောင်ဆိုင်ရာများကို ပြုပြင်ပြောင်းလဲခြင်းကသာ အကျဉ်းထောင်အတွင်း ရေရှည် လူ့အခွင့်အရေး တိုးတက်စေမည်ဟု နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း-မြန်မာ (AAPP) က ထုတ်ပြန်သည့် အကျဉ်းထောင်စနစ် ပြုပြင်ပြောင်းလဲရေး အစီရင်ခံစာတွင် ထောက်ပြ အကြံပြုထားသည်။  

Eleven Media Group

0 comments:

Post a Comment