နှစ်သစ်ကူး သင်္ကြန်ကာလ နေရပ်ပြန်သူများ အခက်အခဲ မဖြစ်ပေါ်စေရန် ရည်ရွယ်၍ ဧပြီ ၈ ရက်မှ ၁၂ ရက်အတွင်း တစ်နေ့လျှင် အရန်ကားသုံး စီးစီ စီစဉ်ပေးထားကြောင်း ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ (YRTA) ၏ အောင်မင်္ဂလာ အဝေးပြေးဝင်း တာဝန်ခံ ဦးဘမြင့်က ဧပြီ ၃ ရက်တွင် ပြောကြားသည်။
“တစ်ရက် အရန်ကား သုံးစီးစီ သူ့ရက်နဲ့သူ လုပ်ထားတယ်။ အခုလူတွေ ပြောနေကြတဲ့ သင်္ကြန်တွင်းဆိုတာ မဟုတ်ဘူး။ သင်္ကြန်မကျခင် ၈ ရက်ကနေ ၁၂ ရက်အထိပဲ နယ်ပြန်ကြတာ။ အဲဒီရက်တွေမှာ တစ်ရက်ကို အရန်ကား သုံးစီးစီ စီစဉ်ထားတယ်။ အဲဒီအရန်ကားတွေကို အဆင်ပြေတဲ့ လိုင်းတွေမှာ ပြေးဆွဲပေးသွားမယ်” ဟု အောင်မင်္ဂလာ အဝေးပြေးဝင်းတာဝန်ခံ ဦးဘမြင့်က ပြောကြားသည်။
နှစ်စဉ် သင်္ကြန်ကာလ ရုံးပိတ်ရက်တွင် ရန်ကုန်မြို့မှ ဒေသအသီးသီးသို့ နေရပ်ပြန်သူ များစွာရှိနေသည်။ ယင်းသို့ နေရပ်ပြန်ရာတွင် ကားလက်မှတ် ရရှိစေရန် တိုးဝှေ့ တန်းစီရခြင်း၊ ကားလက်မှတ် မရခြင်းနှင့် ကားလက်မှတ် ဈေးနှုန်းကြီးမြင့်မှုကို နှစ်စဉ် ကြုံတွေ့နေရကြောင်း သိရသည်။
ယခုနှစ် သင်္ကြန်ကာလတွင် ကားလက်မှတ်များ ဈေးနှုန်းမြင့်တက်မှု မရှိစေရန် ယာဉ်လိုင်း တာဝန်ခံများကို အောင်မင်္ဂလာ အဝေးပြေးဝင်း တာဝန်ရှိသူများက ခေါ်ယူသတိပေးထားပြီး လိုက်နာမှု မရှိသူများအား အရေးယူရန် YRTA ရုံးချုပ်သို့ တင်ပြမည် ဖြစ်ကြောင်း သိရသည်။
ထို့ပြင် သင်္ကြန်ကာလ မတိုင်မီရက်များတွင် နေရပ်ပြန်သူများကြောင့် အောင်မင်္ဂလာ အဝေးပြေးဝင်းနှင့် အနီးဝန်းကျင်တွင် ယာဉ်ကြောပိတ်ဆို့ ကျပ်တည်းမှုမရှိစေရန် ယာဉ်ထိန်းရဲတပ်ဖွဲ့သို့ အကူအညီ တောင်းခံထားကြောင်း သိရသည်။
အောင်မင်္ဂလာ အဝေးပြေးဝင်းအတွင်း ယာဉ်လိုင်းပေါင်း ၂၅၀ ခန့်ရှိပြီး ယာဉ်စီးရေ ၂၅၂၉ စီးရှိကြောင်း၊ အဆိုပါ ယာဉ်များဖြင့် တစ်နေ့လျှင် ခရီးသည် သုံးသောင်းဝန်းကျင်မှ လေးသောင်းခန့် တင်ဆောင် ပြေးဆွဲပေးနေကြောင်း သိရသည်။
Eleven Media Group
0 comments:
Post a Comment