Sunday, April 28, 2019

တရုတ်သို့ လယ်ယာထွက်ကုန်သီးနှံ တင်ပို့ရန် ရန်ကုန် Market အဖြစ် တညင်းကုန်းဈေးကြီးကို အင်အားစိုက်ထုတ် လုပ်ဆောင်ခဲ့ပြီး လက်ရှိတွင် အဆင့်တစ်ဆင့်သို့ ရောက်နေပြီဟု ရန်ကုန်တိုင်းဝန်ကြီးချုပ် ပြောကြား


တရုတ်သို့ လယ်ယာထွက်ကုန် သီးနှံတင်ပို့ရန် ရန်ကုန်ဈေးကွက်အဖြစ် တညင်းကုန်းဈေးကြီးကို ယခင်အစိုးရလက်ထက်မှ စတင်ကာ အင်အားစိုက်ထုတ် လုပ်ဆောင်ခဲ့ကြောင်း နှင့် အခြားမြို့များမှ ထုတ်ကုန်များမှာ ရန်ကုန်သို့လာရောက်ရန် မဟုတ်ဘဲ ရန်ကုန်ဈေးကွက်တွင် ရောင်းနိုင်ရန်သာဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း က ပြောကြားသည်။ 
“ရန်ကုန်ဈေးကွက်ကို ထူထောင်မယ်ပြောတဲ့အချိန်မှာ တခြားမြို့တွေက ပစ္စည်းတွေက ရန်ကုန်လာ ရမယ်တို့ ကျွန်တော်တို့ ပစ္စည်းတွေက ရန်ကုန်ရောက်လာစရာ မလိုပါဘူး။ သူထုတ်လုပ်တဲ့နေရာက ပစ္စည်းတွေ ရန်ကုန်ရဲ့ဈေးကွက်မှာ ရောင်းနိုင်ဖို့ပဲဖြစ်ပါတယ်။ အခုဆိုရင် ကျွန်တော်က လှည်းကူးမဲဆန္ဒနယ်က ဖြစ်ပါတယ်။ ကျွန်တော့်မဲဆန္ဒနယ်မှာဆို ဖရဲသီးကို တရုတ်ပြည်ကို အများဆုံးပို့ပါတယ်။ သုံးနှစ်နေရင် တစ်ကြိမ် အရင်းပြုတ်တဲ့အထိ ရင်ဆိုင်ရတဲ့ အခက်အခဲမျိုးတွေ သူတို့ ကြုံရပါတယ်” ဟု ဦးဖြိုးမင်းသိန်းက ဆိုသည်။ 

မြန်မာ့သီးနှံထွက်ကုန်များကို တရုတ်နိုင်ငံသို့ တင်ပို့ရန် သယ်ဆောင်သွားသော်လည်း တရုတ်နိုင်ငံဘက် က ဝယ်ယူမှုမရှိပါက သယ်ယူသွားသောသီးနှံကို စွန့်ပစ်ရန်ပင် ခက်ခဲသည့် အခြေအနေများကို ကြုံတွေ့ နေရသည်။ ထို့ကြောင့် ယခင်အစိုးရလက်ထက်က ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးမြင့်ဆွေ ကြိုးပမ်းခဲ့သည့် တညင်း ကုန်းလက်ကားဈေးကြီးကို အင်အားစိုက်ထုတ်လုပ်ဆောင်ခဲ့သည်ဟု ဦး ဖြိုးမင်းသိန်းက ဆိုသည်။ 

“တညင်းကုန်း ဈေးကြီးဟာ အဆင့်တစ်ဆင့်ကို ရောက်နေပါပြီ။ ကျွန်တော်တို့ ပစ္စည်းတွေကို ဒီဈေးကွက်မှာ ကျွန်တော်တို့ရောင်းပြီး၊ ထုပ်ပိုးပြီး တရုတ်ပြည်ထဲအထိ Border ကနေ ဖြတ်ပြီး သယ်သွားမယ်ဆိုရင်။ မယူဘူးဆိုတဲ့ပစ္စည်း ဟာ ကျွန်တော်တို့ပြည်တွင်းက စားသောက်ဆိုင်တွေမှာ ရောင်းလို့ရတယ်။ ဒါပေမဲ့ ကျွန်တော်တို့က မူ ဆယ်ရောက်ပြီးမှ ရန်ကုန်ကို ပြန်သယ်ပြီး ရောင်းဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ပါဘူး” ဟု ဦးဖြိုးမင်းသိန်းက ဆိုသည်။ 

တရုတ်၊ ထိုင်းစသည့် နိုင်ငံများသို့ တင်ပို့ရန် နယ်စပ်တွင် မြန်မာ့ကုန်များ အရောင်းအဝယ်ပြုနေရသည့် အခြေအနေမျိုးထက် ရန်ကုန်တွင် Market ကြီးတစ်ခု ထူထောင်၍ ရန်ကုန်ဈေးကွက်တွင် အရောင်းအ ဝယ်ပြုပြီးမှ နယ်စပ်ဒေသများကို သယ်ဆောင်သွားသည့်စနစ် လုပ်ဆောင်မည်ဖြစ်ကြောင်း ရန်ကုန် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောကြားပြီးနောက် ဝေဖန်မှုများ ရှိလာသည့်အတွက် အဆိုပါ အခြေအနေအပေါ် ဦးဖြိုးမင်းသိန်းက ပြန်လည်ရှင်းလင်းခဲ့ခြင်းဖြစ်သည်။ 

“မူဆယ်ကနေ ဟိုဘက်ဝယ်လက်တွေ အားလုံးကို ရန်ကုန်မှာ ဖြတ်မယ်။ ဖြတ်ပြီးရင် အမြို့မြို့အ နယ်နယ်ကနေ ကျွန်တော်တို့ ကုန်စည်ကို ကျွန်တော်တို့ Package လုပ်ပြီး ပို့မယ်။ အခုက ကျွန်တော်တို့ ဖရဲ သီးသယ်သွားတယ်။ သခွားသီးသယ်သွားတယ်။ ဟိုဘက်ရောက်မှ စက္ကူဘူးထဲကို အရွယ်အစားချိန်ပြီး ထည့် တာဖြစ်တယ်။ ပါကင်ထုပ်တဲ့နေရာကလည်း နယ်စပ်မှာဖြစ်တဲ့အတွက် စရိတ်စကတွေ ပိုကုန်ကျပါတယ်။ နောက်တစ်ခုက ဈေးကွက်ကို ကျွန်တော်တို့ဘက်ကနေ ထိန်းသိမ်း မထားနိုင်ပါဘူး။ ကျွန်တော်တို့က သူ များ လက်ထဲကို ဝကွက်အပ်ပြီးတော့ မယူရင် နယ်စပ်ကနေ ပြန်လှည့်ဆိုတဲ့ အခြေအနေမျိုးကို ရောက်နေတဲ့ အခြေအနေဖြစ်ပါတယ်။ ဒါဟာ ကျွန်တော်တို့ရှေ့ဆက်ပြီး တရုတ်ပြည်သူ့သမ္မတနိုင်ငံနဲ့ စီးပွားရေး စင်္ကြံကြီး တည်ဆောက်မယ်ဆိုတဲ့ နေရာမှာ အရေးကြီးတဲ့ ကျွန်တော်တို့နိုင်ငံဘက်က ပြင်ဆင်ရမယ့် အပိုင်း ဖြစ်တယ်လို့ ယူဆပါတယ်။ ဒါကြောင့် အခုဒီကုန်စည်ကို ကျွန်တော်တို့ ဘယ်နေရာမှာဖြတ်ပြီး ပါကင်ပိတ်ပြီး ကားနဲ့တစ်ခါတည်း Logistics ပိုင်းမှာ အပြည့်အဝတာဝန်ယူပြီး ဆောင်ရွက်ပေးမယ်ဆိုရင် ဒါဟာ လုပ်ငန်းရှင်တွေ အားလုံးအတွက် အကာအကွယ်ဖြစ်နိုင်ပါတယ်” ဟု ဦးဖြိုးမင်းသိန်းက ဆိုသည်။ 

တညင်းကုန်းလက်ကားဈေးကြီးကို လက်ရှိအချိန်တွင် Myanmar Agro Exchange Public ကုမ္ပဏီဖြင့် စီမံဆောင်ရွက်နေပြီး အများပြည်သူ ရှယ်ယာပါဝင်သော်လည်း တညင်းကုန်းဈေး၏ အဓိက ရှယ်ယာရှင်မှာ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် ရင်းနှီးသော ဆက်ဆံရေးရှိသည့် ဒဂုန်ဦးဝင်းအောင်၏ ဒဂုန်အင်တာနေရှင်နယ် ကုမ္ပဏီက အစုရှယ်ယာများ၏ ထက်ဝက်ခန့်ကို ပိုင်ဆိုင်ထားသည်။ 

Eleven Media Group

0 comments:

Post a Comment