Wednesday, April 3, 2019

SMS ပေးပို့ရာတွင် စားသုံးသူများဆန္ဒမရှိပါက မပေးပို့ရန်နှင့် စားသုံးသူတိုင်ကြားမှုများကို အလေးထားဖြေရှင်းပေးရန် ပြည်တွင်းရှိ ဆက်သွယ်ရေးအော်ပရေတာများအား စားသုံးသူရေးရာဌာန အသိပေးထား


SMS ပေးပို့ရာတွင် စားသုံးသူ ဆန္ဒမရှိပါက မပေးပို့ရန်နှင့် စားသုံးသူတိုင်ကြားမှုများကို အလေးထားဖြေရှင်းပေးရန် ပြည်တွင်း၌ လုပ်ကိုင်ဆောင်ရွက်နေသည့် ဆက်သွယ်ရေးအော်ပရေတာများ၊ ဆက်သွယ်ရေး ညွှန်ကြားမှုဦးစီးဌာနနှင့် စားသုံးသူရေးရာဦးစီးဌာနတို့ တွေ့ဆုံဆွေးနွေး အသိပေးထားကြောင်း သိရသည်။ 
“မိုဘိုင်းဝန်ဆောင်မှုနဲ့ပတ်သက်လို့ တချို့ Package တွေမှာ စားသုံးသူက မလိုချင်ဘဲနဲ့ ဝင်ကြည့်လိုက်တာနဲ့ ပိုက်ဆံဖြတ်ယူတာမျိုး၊ အင်တာနက်နဲ့ပတ်သက်ရင် တရားလွန်ကြော်ငြာတာတွေအပြင် အခု SMS Message တွေ တစ်ချိန်လုံးဝင်လို့ စိတ်အနှောင့်အယှက် ဖြစ်တယ်ပေါ့။ အခုဆက်သွယ်ရေး အော်ပရေတာ သုံးဦးကတော့ သူတို့ SMS message တွေနဲ့ပတ်သက်လို့ မလိုလားဘူးဆို ရင်ဘယ်လိုဆောင်ရွက်ပါဆိုပြီး ပြောထားတယ်။ မိုဘိုင်းအော်ပရေတာလေးခုက သူတွေနဲ့တွေ့ပြီး စားသုံးသူအခွင့်အရေးတွေကို အရေးတယူထားဖို့၊ စားသုံးသူတိုင်ကြားတာတွေကို အရေးတယူဖြေရှင်းပေးဖို့၊ စားသုံးသူ အကာအကွယ်ပေးရေး ဥပဒေကို လိုက်နာဖို့ဆိုပြီး ခေါ်ယူဆွေးနွေး သတိပေးပြီးဖြစ်ပါတယ်။ သတိပေးပြီး မလိုက်နာရင်တော့ ဥပဒေအရ အရေးယူဖို့ပဲ ရှိပါတယ်” ဟု စားသုံးသူရေးရာ ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။ 

ဆက်သွယ်ရေး ညွှန်ကြားမှု ဦးစီးဌာနက ဆက်သွယ်ရေးအော်ပရေတာများအပါအဝင် ဆက်သွယ်ရေးဝန်ဆောင်မှုလုပ်ငန်း လိုင်စင်ရရှိထားသူများသည် စားသုံးသူအကာအကွယ်ပေးရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏ အခွင့်အရေးနှင့်တာဝန်များ၊ တားမြစ်ချက်များကို တိကျစွာ လိုက်နာဆောင်ရွက်ရန် ၂၀၁၈ ခုနှစ် ဇူလိုင် ၄ ရက်တွင် ထုတ်ပြန်ထားကြောင်း သိရသည်။ 

စားသုံးသူအကာအကွယ်ပေးရေး ဥပဒေ အခန်း (၆) တွင် စီးပွားရေးလုပ်ငန်းရှင်၏ အခွင့်အရေးနှင့် တာဝန်များကို လိုက်နာဆောင်ရွက်ရန် လိုအပ်ပြီး အထူးသဖြင့် ဝန်ဆောင်မှုအပေါ် ရှင်းလင်းမှန်ကန်သော သတင်းအချက်အလက်များ ပေးခြင်း၊ ဝန်ဆောင်မှုကို ဝယ်ယူခြင်းမပြုမီ စားသုံးသူများအား စမ်းသပ်နိုင်သည့် အခွင့်အရေးပေးခြင်း၊ ဝန်ဆောင်မှုကို သုံးစွဲခြင်းတို့ကြောင့် ပျက်စီးဆုံးရှုံးမှုများနှင့်ပတ်သက်၍ အာမခံချက် ပေးအပ်ထားသည့်အတိုင်း တာဝန်ယူဆောင်ရွက်ပေးခြင်းနှင့် ဝန်ဆောင်မှုလုပ်ငန်း လုပ်ကိုင်ရာတွင် သဘောတူညီထားသည့် သဘောတူညီချက် သို့မဟုတ် စာချုပ်ပါ ဝန်ခံကတိအတိုင်း တိကျစွာ လိုက်နာဆောင်ရွက်ခြင်း စသည့်အချက်များကို တိကျစွာ လိုက်နာဆောင်ရွက်သွားရန် အကြောင်းကြားထားပြီးဖြစ်ကြောင်း သိရသည်။ 

၂၀၁၈ ခုနှစ်အစောပိုင်းက စားသုံးသူ (သုံးစွဲသူ) ပြည်သူများသို့ မိမိ အသုံးမပြုလိုသော SMS များကြောင့် စိတ်အနှောင့်အယှက်မဖြစ်စေရေးအတွက် ဆက်သွယ်ရေးအော်ပရေတာများ၊ ဆက်သွယ်ရေးညွှန်ကြား မှုဦးစီးဌာနနှင့် စားသုံးသူရေးရာဦးစီးဌာနတို့ ညှိနှိုင်းဆောင်ရွက်ခဲ့ပြီး ညှိနှိုင်းချက်အရ အသုံးမပြုလိုသည့် SMS များကို ပယ်ဖျက်နိုင်ကြောင်း အသိပေးခဲ့သည်။ MPT ဖုန်းများ *2007# နှိပ်ပြီး OPTION၊ Telenor ဖုန်းများ *500# နှိပ်ပြီး DNDON၊ Ooredoo ဖုန်းများ *5059# နှိပ်ပြီး DNDON ရေးပြီး SNS ပို့၍ ပယ်ဖျက်နိုင်ကြောင်းနှင့် SMS များအတွက် အခကြေးငွေပေးရန် မလိုကြောင်း စားသုံးသူရေးရာ ဦးစီးဌာနမှ သိရသည်။ 

Eleven Media Group

0 comments:

Post a Comment