Wednesday, September 2, 2015

ပရိသတ်တွေကြောင့် အရာအားလုံးပြောင်းလဲခဲ့တဲ့ အေးမြတ်သူက အရင်ကလို ငယ်ဂုဏ် ငယ်စိတ်နဲ့မလုပ်သင့်တာကို မလုပ်ဖြစ်တော့ဘူးလို့ ဖွင့်ဟ


အသက်အရွယ်ရဲ့ပြောင်းလဲမှုအရ ငယ်ရွယ်စဉ် အချိန်ကလို ငယ်စိတ်နဲ့လုပ်ချင်ရာကို မလုပ်ဖြစ်တော့ဘူးလို့ပြောပြလာတဲ့ အေးမြတ်သူက လက်ရှိမှာ ပြုံးရွှင်ရေ ပျော်ရဲ့လားရုပ်ရှင်ဇာတ်ကားမှာ ယိမ်းသမအဖြစ် ပါဝင်ရိုက်ကူးနေပြီး ပြောင်းလဲလာတဲ့ သူမရဲ့အတွေးအခေါ် စိတ်ခံစားချက်များနဲ့ အမြင်ဝါဒအချို့ကို ဖွင့်ဟသွားပါတယ်။"အသက်လဲနည်းနည်းကြီးလာတာကြောင့်လဲပါတယ်။ ကိုယ့်ကိုချစ်တဲ့ ပရိသတ်တွေကို လဲပြန်ကြည့်ဖြစ်တဲ့ အတွက် တည်ငြိမ်သွားတယ်ပေါ့။ ငယ်ငယ်တုန်းကတော့ ငယ်ဂုဏ်နဲ့ငယ်စိတ်နဲ့ဆိုတော့ လုပ်ချင်ရာကိုလုပ်တယ်။ ပရိသတ် အချစ်ပရိသတ်ရဲ့ ဆုံးမမှုကြောင့်အေးမြတ်သူပြောင်းလဲဖြစ်ခဲ့တယ်။ အမျိုးသမီးတွေက အသက်အရွယ် ရလာတဲ့အခါတည်ငြိမ်ရင့်ကျက်သွားကြတယ်။ ပြောရရင် သင်ဇာတို့နဲ့အေးမြတ်သူ အခုနောက်ပိုင်းတွဲဖြစ်တယ်။ သင်ဇာကတော့ ငယ်တယ်။ အေးမြတ်သူက နည်းနည်းကြီးတယ်။ ပြောရရင်တည်ငြိမ်တဲ့ အရွယ်ရလာတဲ့ အခါ သူတို့တွေနဲ့စုပြီးလေ့ကျင့်ခန်းတွေ လုပ်ကြတယ်။ ကျန်းမာရေးအရ လေ့ကျင့်ခန်းလုပ်ရင်းနဲ့သူတို့နဲ့သွားဆုံဖြစ်ပြီး စကားလေးဘာလေးပြော အပြင်လေးဘာလေးသွားပေါ့။ ဘ၀ကို စိတ်အပန်းဖြေနည်း တစ်ခုပဲပေါ့။ အချစ်က အရေးမပါတော့ဘူး။ ကိုယ်ကတော့ အပျိုကြီးစာရင်းလဲ ၀င်နေပါပြီ။ ယောဂလဲကျင့်ဖြစ်တယ်။ boxing ဆော့တာကလဲကြမ်းကြမ်းတမ်းတမ်းနဲ့ချွေးထွက်တယ်။ အခုလက်ရှိမှာအေးမြတ်သူအတွက် ဘ၀ရပ်တည်မှုကပိုအရေးကြီးလာတယ်။ အရင်ကတော့တစ်ရက်နှစ်ရက်စာလောက်ပဲတွေးဖြစ်တယ်။ အခုတော့ ကိုယ့်ရဲ့အနာဂတ်က အရေးကြီးတယ်လို့ ပိုတွေးမိလာတယ်။ ဘ၀ရပ်တည်မှုကိုပိုပြီး အလေးအနက် ထားလာတယ်။ အနာဂတ်ကိုပိုပြီး စဉ်းစားတတ်လာတယ်။ မိသားစုကို သိပ်အချိန်မပေးဖြစ်ဘူး။ အေးမြတ်သူက ချစ်တော့ချစ်တယ်။ မထုတ်ပြတတ်ဘူး။ သွားသွားလာလာလဲ သိပ်မရှိဘူး။ သူတို့ကို သိပ်အချိန်မပေးဖြစ်ဘူး။ ကိုယ့်ဟာနဲ့ကိုယ်အလုပ်ရှုပ်နေတော့အချိန်မပေးဖြစ်ဘူး။" လို့ သူမက ပြောပြပါတယ်။

အေးမြတ်သူဟာ လက်ရှိမှာ ပြုံးရွှင်ရေပျော်ရဲ့လားဆိုတဲ့ ရုပ်ရှင်ကားကြီးကို နေတိုး၊ ရွှေမှုန်ရတီ၊ ကိုကျော်ကျော်ဗို တို့နဲ့အတူ ရိုက်ကူးနေတယ်လို့ သိရပြီး ယိမ်းသမကာရိုက်တာမို့ ၀တ်စားဆင်ယင်မှုအပိုင်း၊ အကတိုက်ရတဲ့အပိုင်း သေချာပြင်ဆင်ရတယ်လို့ ဆိုသွားပါတယ်။ သူမကို ဗီဒီယိုဘက်ပိုင်း ကားရိုက်ကျဲသွားတဲ့အကြောင်း မေးကြည့်လိုက်တဲ့အခါမှာတော့ သူမက "ဗီဒီယိုက အေးမြတ်သူထွက်တာကျဲတယ်ပေါ့။ ဒါကလဲခုအေးမြတ်သူတို့နောက်မှာအသစ်တွေလဲအများကြီးပေါ်လာတယ်။ ဇာတ်ကျတော့လဲ ဖန်စီလေးတွေဆိုတော့လေ။ အောက်က သရုပ်ဆောင် အသစ်လေးတွေနဲ့ ပိုလိုက်ဖက်တယ်ဆိုတော့ ကိုယ့်ဆီလာတာ နည်းတယ်။ ကိုယ့်ဆီကျတော့ အခုနောက်ပိုင်းကားကြီးတွေ များတယ်။ ကာရိုက်တာတွေကျတော့ ကိုယ်နဲ့လဲ လိုက်ဖက်တယ့်ဇာတ်တွေပဲဆိုတော့ ဘာပဲပြောပြော ကားကြီးလေးတွေရိုက်နေရတဲ့အတွက် ကိုယ့်ဖက်ကနေ တတ်နိုင်သလောက်တော့ အစွမ်းကုန်ရွေးချယ်ဖြစ်တယ်"တဲ့။

ခင်ဆွေသက် 
Trend Myanmar

0 comments:

Post a Comment