Sunday, April 8, 2018

အမေရိကန်၏ ဒဏ်ခတ်မှု ရုရှား သြဇာရှိပုဂ္ဂိုလ် ၂၄ ဦး ထိခိုက်


အမေရိကန် အစိုးရက ဧပြီ ၆ ရက်နေ့မှာ ချမှတ်လိုက်တဲ့ ဒဏ်ခတ်မှု အသစ်ရဲ့ ဒဏ်ကို ရုရှား သြဇာရှိပုဂ္ဂိုလ် ၂၄ ဦး ထိခိုက်ခဲ့ပါတယ်။ ၂၀၁၆ အမေရိကန်သမ္မတ ရွေးကောက်ပွဲမှာ ရုရှားရဲ့ စွက်ဖက်မှုစွဲချက် အပါအဝင် လုပ်ဆောင်ချက်တွေအတွက် ရုရှားကို အပြစ်ပေးဖို့ အမေရိကန်ရဲ့ ရန်လိုတဲ့လုပ်ရပ်အဖြစ် မီဒီယာတွေမှာ ဖော်ပြပါတယ်။


အမေရိကန် အောက်လွှတ်တော်ရဲ့ ဖိအားပေးမှုနဲ့ ပြုလုပ်တဲ့ ဒဏ်ခတ်မှုအတွင်း ရုရှားသမ္မတ ဗလာဒီမာ ပူတင်ရဲ့ ရင်းနှီးတဲ့ မိတ်ဆွေနဲ့ အလူမီနီယံ သတ္တုလုပ်ငန်းရှင် အိုလခ် ဒယ်ရီပတ်စ်ခါနဲ့ ရုရှားရဲ့ အကြီးဆုံး ရွှေထုတ်လုပ်သူ ပိုလီယပ်စ်ကို ထိန်းချုပ်တဲ့ လွှတ်တော်အမတ် ဆူလေမန် ကေရီမော့ဗ်တို့ မိသားစုရဲ့ အမေရိကန်နိုင်ငံတွင်းက ပိုင်ဆိုင်မှုတွေကို ထိန်းချုပ်ခဲ့ပါတယ်။

ဒါ့အပြင် ရုရှားအစိုးရ အကြီးတန်းအရာရှိ ၁၇ ယောက်၊ စီးပွားရေး လုပ်ငန်းကြီးတွေကို ထိန်းချုပ်ပိုင်ဆိုင်တဲ့ သြဇာရှိ လူ ၇ ယောက်နဲ့ ကုမ္ပဏီ ၁၂ ခုကိုလည်း ဒဏ်ခတ်ခဲ့ပါတယ်။

ဒဏ်ခတ်ခံရသူတွေရဲ့ အမေရိကန်နိုင်ငံအတွင်း ပိုင်ဆိုင်မှုတွေကို ထိန်းချုပ်တာအပြင် အမေရိကန် နိုင်ငံသားတွေကိုလည်း သူတို့နဲ့ စီးပွားရေးမလုပ်ဖို့ တားမြစ်ပိတ်ပင်ခဲ့ပါတယ်။

DVB

0 comments:

Post a Comment