Sunday, April 8, 2018

ပန်းပဲတန်းမြို့နယ် ရှေးဟောင်းဓာတ်ပုံများ ချိတ်ဆွဲပြသထားသည့် နောက်ဖေးလမ်းကြားဥယျာဉ် ဖွင့်လှစ်


ပန်းပဲတန်းမြို့နယ်၊ ၃၁ လမ်းနှင့် ဗိုလ်ဆွန်ပက်လမ်းကြား (အလယ်ဘလောက်) တွင် ရှေးဟောင်းဓာတ်ပုံ ၂၀၀ နီးပါး ချိတ်ဆွဲထားသည့် နောက်ဖေးလမ်းကြား ဥယျာဉ်ကို ဧပြီ ၈ ရက်က ဖွင့်လှစ်ခဲ့သည်။ အဆိုပါဖွင့်ပွဲ အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးတင်မောင်ထွန်း၊ လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးလင်းနိုင်မြင့်နှင့် ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုးတို့ တက်ရောက် ခဲ့ကြသည်။


“အဓိကကတော့ ရည်ရွယ်ချက်ကောင်းဖို့ ပါပဲ။ နောက်ဖေးလမ်းကြားဥယျာဉ်လို့ ပြောထားတယ်။ ရှေးဟောင်း ဓာတ်ပုံတွေ ချိတ်ဆွဲထားတယ်။ သာမာန်လူတစ်ယောက်ကြည့်ရင် ဒါက ဘာဆိုင်လို့လဲ။ လမ်းကြားက လမ်းကြားပေါ့။ ဘာဥယျာဉ်ဖြစ်စရာ လိုလဲဆိုပြီး ပြောရင် မှားသွားလိမ့်မယ်။ သူ့ရဲ့နောက်ကွယ်မှာ ဒါကိုတန်ဖိုးထားတတ်ရင် နေရာကိုလည်း တန်ဖိုးထားတတ်လာမယ်။ တန်ဖိုးထားမှုအပေါ် မူတည်ပြီးတော့ နောက်တစ်လမ်း လုပ်ဖို့အတွက် စောင့်ကြည့်ရပါမယ်။ ဒါဟာ တကယ့်နိုင်ငံရေးသမားတွေရဲ့ စိတ်ကူးကောင်းလေးတွေပါ။ ဒီနောက်ဖေးလမ်းကြား ဥယျာဉ်ကို ခုလိုမွမ်းမံပြီး တန်ဖိုးထားတတ်မှုတွေဟာ တဖြေးဖြေးနဲ့ ပျံ့နှံ့လာဖို့ဆိုရင် မီးခိုးရောင်ကနေ အဖြူရောင်ဘက်ကို ကူးလာတဲ့အခါ တခြားသူတွေ အားကျလာမယ်။ လူတွေဟာ အတုယူတတ်တဲ့ အကျင့်လေးတွေ ရှိကြပါတယ်။ ဒီလမ်းလေးကို အတုယူပြီး နောက်လမ်းတွေလည်း ကောင်းလာမယ်။ ဒီလိုကောင်းမွန်တဲ့လမ်းမျိုးကို နှစ်ထောင်းအားရ ကြိုဆိုပါတယ်။ လိုအပ်တဲ့ အကူအညီတွေလည်း ပေးပါမယ်။ ဒီလိုလမ်းမျိုးတွေလည်း ရန်ကုန်မြို့ကြီးမှာ များစွာ ဖြစ်ပေါ်လာပါစေ”ဟု ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုးက ဖွင့်ပွဲအခမ်းအနားတွင် ပြောသည်။

၃၁ လမ်းနှင့် ဗိုလ်ဆွန်ပက်လမ်းကြားရှိ နောက်ဖေးလမ်းကြားကို ရှေးဟောင်းဓာတ်ပုံ ၂၀၀ နီးပါး ချိတ်ဆွဲကာ အလှဆင်ထားပြီး အနုပညာရှင်များထံမှ ခွင့်ပြုချက်ယူ၍ ချိတ်ဆွဲထားခြင်းဖြစ်ကြောင်း ပန်းပဲတန်းမြို့နယ် တိုင်းဒေသကြီး(၁) ကိုယ်စားလှယ် ဦးသန်းနိုင်ဦးက ပြောသည်။

“ဒီလမ်းလေးကတော့ တိတ်တိတ်ဆိတ်ဆိတ် ငြိမ်ငြိမ်လေးဖြစ်အောင် ခုခေတ် ကလေးတွေလည်း မမြင်ဖူးတဲ့ ရှေးဟောင်းဓာတ်ပုံတွေနဲ့ ဖွင့်ထားပါတယ်။ အဓိက ရည်ရွယ်ချက်ကတော့ အပေါ်ထပ်တွေမှာ နေတဲ့ပြည်သူတွေ နောက်ဖေးလမ်းကြားကို အမှိုက်မပစ်ဖို့ပါပဲ။ ဒီလိုမျိုးဥယျာဉ်တွေ ဖြစ်လာအောင် လုပ်ထားမယ်ဆိုရင် သူတို့လည်း အမှိုက်ပစ်ရတာ လက်တွန့်သွားမယ်။ ဒီလိုရည်ရွယ်ချက်နဲ့ လုပ်ဆောင်တာ ဖြစ်ပါတယ်။”ဟု ဦးသန်းနိုင်ဦးက ပြောကြားသည်။

ပန်းပဲတန်းမြို့နယ်တွင် ၃၁ လမ်းနှင့် ၃၂ လမ်းကြားရှိ နောက်ဖေးလမ်းကြား၊ ၃၁ လမ်းနှင့် ဗိုလ်ဆွန်ပက်လမ်းကြားရှိ နောက်ဖေးလမ်းကြားတို့ကို လမ်းကြားဥယျာဉ်အဖြစ် ဖော်ဆောင်ခဲ့ပြီး ၃၁ လမ်းနှင့် ၃၂ လမ်း (အောက်ဘလောက်) ကြားရှိ နောက်ဖေးလမ်းကြားနှင့် ဗိုလ်ဆွန်ပက်လမ်းနှင့် ၃၁ လမ်း (အောက်ဘလောက်)ကြားရှိ နောက်ဖေးလမ်းကြားများကို လမ်းကြားဥယျာဉ်အဖြစ် ဖော်ဆောင်သွားရန် ရှိကြောင်း ဦးသန်းနိုင်ဦးက ပြောကြားခဲ့သည်။

The Ladies News

0 comments:

Post a Comment