Thursday, June 7, 2018

3D လူကူးမျဉ်းကျားအား နေပြည်တော်နှင့်ရန်ကုန်တွင်ရေးဆွဲမည်


မြန်မာနိုင်ငံတွင် လူကူးမျဉ်းကျားမှတဆင့် ယာဉ်အန္တရာယ်ကင်းရှင်းစေရန်နှင့် ပြည်သူလူထုများ စိတ်ဝင်စားမှုရရှိစေနိုင်ရန်အတွက် ပထမဦးဆုံးအနေဖြင့် 3D လူကူးမျဉ်းကျားအား နေပြည်တော်နှင့် ရန်ကုန်မြို့တို့တွင်ရေးဆွဲသွားမည်ဖြစ်ကြောင်းသိရှိရသည်။


“လူကူးမျဉ်းကျားနေရာတွေမှာယာဉ်မောင်းသူများအရှိန်လျော့ရပ်တန့်ပေးနိုင်ရေးနဲ့လမ်းဖြတ်ကူးသူများ လူကူးမျဉ်းကျားနေရာရောက်မှသာ လမ်းဖြတ်ကူးရေးပညာပေးလှုံ့ဆော်ဖို့အတွက် နေပြည်တော်နဲ့ ရန်ကုန်မှာ 3D လူကူးမျဉ်းကျားတစ်ခုစီရေးဆွဲပံ့ပိုးဆောင်ရွက်ခြင်းကို ကျွန်တော်တို့ကြိုဆိုပါတယ်” ဟု ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးဦးသန့်စင်မောင်ကပြောသည်။

3D လူကူးမျဉ်းကျားရေးဆွဲခြင်းကို HEINEKEN Myanmar ၏ပံ့ပိုးကူညီမှုဖြင့် ပညာရှင်အာကာကျော်မှ ရေးဆွဲသွားမည်ဖြစ်ကြောင်းသိရှိရသည်။

အဆိုပါ 3D လူကူးမျဉ်းကျားအား နေပြည်တော်ရှိ သပြေကုန်းဈေးရှေ့ ပိတောက်လမ်းတွင် ဇွန်လ ၆ ရက်နေ့က ရေးဆွဲထားခြင်းဖြစ်သည်။

ထို့အတူ ရန်ကုန်မြို့ရှိပြည်လမ်းတွင်လည်း ယခုလာမည့် အပတ်အတွင်းရေးဆွဲနိုင်ရန်စီစဉ်ဆောင်ရွက်ထားကြောင်းလည်းသိရှိရသည်။

HEINEKEN Myanmar မှ အစိုးရ၏ယာဉ်အန္တရာယ်၊ကင်းရှင်းရေးအားထုတ်မှုအတွက် လူကူးမျဉ်းကျားသုတ်ဆေး ၁၀ တန်အား အမျိုးသားယာဉ်အန္တရာယ်၊လမ်းအန္တရာယ်ကင်းရှင်းရေးကောင်စီ(NRSC) သို့ ယနေ့ နေပြည်တော်ရှိ သင်္ဂဟဟိုတယ်တွင် ပေးအပ်လှူဒါန်းခဲ့ခြင်းဖြစ်သည်။

HEINEKEN Myanmarမှ တာဝန်ရှိသူတစ်ဦးဖြစ်သည့် Mr.Holly Bostockမှလည်း ပြည်သူများအနေဖြင့် ယခုလို လူကူးမျဉ်းကျားဆွဲပေးတာကို အသိအမှတ်ပြုလက်ခံနိုင်မှသာ အခြားမြို့များတွင် ဆက်လက် လုပ်ဆောင်ပေးသွားမည်ဖြစ်ကြောင်း ၎င်းကပြောသည်။

HEINEKEN Myanmarအနေဖြင့် ရန်ကုန်မြို့တွင်းရှိ လူကူးမျဉ်းကြား ၉၀ ခု အား ပြန်လည်ပြုပြင်နိုင်ရန်အတွက် လိုအပ်သည့် လူအင်အား၊ပစ္စည်းအင်အားများအသုံးပြုကာ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းလည်းသိရှိရသည်။

3D လူကူးမျဉ်းကျားရေးဆွဲခြင်းနှင့် လူကူးမျဉ်းကျားများ ပြန်လည်ပြုပြင်ရေးဆွဲခြင်းများအား ရန်ကုန်၊နေပြည်တော်၊မန္တလေး အစရှိသည့် မြို့ကြီးများတွင် လုပ်ဆောင်ပြီးမှသာ အခြားမြို့များတွင် HEINEKEN Myanmar မှ ဆက်လက်ပံ့ပိုးကူညီပေးမည်ဆိုပါကဆက်လက်လုပ်ဆောင်ပေးသွားမည်ဖြစ်ကြောင်းလည်း ကုန်းလမ်းပို့ဆောင်ရေးဦးစီးဌာန မှ အင်ဂျင်နီယာမှူးဒေါ်ဖြူဖြူဝင်းကပြောသည်။

မြန်မာနိုင်ငံတွင် ၂၀၁၆ခုနှစ်ဧပြီးလတွင် မှတ်ပုံတင်ယာဉ်စီးရေ(၅ ဒသမ ၅)သန်းကျော်ရှိရာမှ ၂၀၁၈ ခုနှစ်ဧပြီလတွင် (၆ ဒသမ ၈) သန်းကျော်တိုးမြင့်လာခဲ့ရာ ၂ နှစ်အတွင်း ယာဉ်စီးရေ ၁ ဒသမ ၃ သန်းကျော်တိုးမြှင့်လာခဲ့ကြောင်းလည်းသိရရရှိရသည်။

ထိုသို့ယာဉ်စီးရေများ များပြားလာသည့်အတွက် ယာဉ်အန္တရာယ်၊လမ်းအန္တရာယ်ကင်းရှင်းစေရေးအတွက် 3D လူကူးမျဉ်းကြားအနီးနားရောက်ရှိပါက အရှိန်လျော့မောင်းနှင်ပါက ယာဉ်အန္တရာယ်၊လမ်းအန္တရာယ်ဖြစ်ပွားမှုနှုန်းအားလျော့နဲလာစေရန်ရည်ရွယ်၍ရေးဆွဲခြင်းဖြစ်ကြောင်းသိရရရှိရသည်။

ယဉ်ကေနွယ်
The Fifth Wave News

0 comments:

Post a Comment