Wednesday, June 20, 2018

ရန်ကုန်တိုင်းဒေသကြီးသည် စီးပွားရေးမြို့တော်ဖြစ်သည့်အတွက် ရွှေ့ပြောင်းသူများလာပြီး ကျူးကျော်ပြဿနာနှင့် လူဦးရေကျပ်တည်းမှု ဖြစ်ပေါ်လာကာ ရာဇ၀တ်မှု ထူပြောလာသည့် စိန်ခေါ်မှုများရှိနေကြောင်း မြို့တော်ဝန် ပြောကြား


ရန်ကုန်တိုင်းဒေသကြီးသည် စီးပွားရေးမြို့တော်ဖြစ်သည့်အတွက် ရွှေ့ပြောင်းသူများ များပြားလာပြီး ကျူးကျော်ပြဿနာနှင့် လူဦးရေ ကျပ်တည်းမှုများ ဖြစ်ပေါ်လာက ရာဇ၀တ်မှု ထူပြောလာသည့် စိန်ခေါ်မှုများရှိနေကြောင်း ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုးက ဇွန် ၂၀ ရက်တွင် ပြုလုပ်သည့် ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ဆဋ္ဌမပုံမှန်အစည်းအဝေး ၄၈ ရက်မြောက်နေ့တွင် ပြောကြားခဲ့ခြင်း ဖြစ်သည်။

အဆိုပါ ကိစ္စအား ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ပေးပို့သော ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာရေးအဖွဲ့ ကွပ်ကဲမှုအောက်ရှိ မြို့နယ် ၁၁ မြို့နယ်တွင် နိုင်ငံတကာအဆင့်မီ စက်မှုဇုန်များ အကောင်အထည်ဖော် ဆောင်ရွက်မည့် အစီရင်ခံစာနှင့် ပတ်သက်ပြီး လွှတ်တော်ကိုယ်စားလှယ်များ၏ ဆွေးနွေးခဲ့မှုအပေါ် မြို့တော်ဝန် ဦးမောင်မောင်စိုးက ပြန်လည်ရှင်းလင်း ဆွေးနွေးရာတွင် ထည့်သွင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။

“ရန်ကုန်တိုင်းဒေသကြီးက စီးပွားရေးမြို့တော်ဖြစ်တဲ့အတွက် မက်လုံးကောင်းလာပါတယ်။ မက်လုံးကောင်းလာသည့်အတွက် ရွှေ့ပြောင်းလာသည့် သူတွေတော်တော်များ ပါတယ်။ များတဲ့အတွက်ကြောင့် ကျူးကျော်ပြဿနာတွေ စလာပါတယ်။ လူဦးရေကျပ်တည်းမှု ပြဿနာတွေလည်း စပါတယ်။ ယာဉ်ကြောပိတ်ဆို့မှု ပြဿနာတွေစပါတယ်။ လူများတဲ့အတွက်ကြောင့် အမှိုက်သရိုက် ကိစ္စတွေလည်း ရှိပါတယ်၊ ရာဇ၀တ်မှုထူပြောလာတဲ့ စိန်ခေါ်မှုတွေလည်း ဖြစ်တယ်” ဟု မြို့တော်ဝန်က ပြောကြားသည်။

ယခုစိန်ခေါ်မှုများသည် ဗဟိုစုစနစ်ကြောင့်ဖြစ်ကြောင်း၊ လူများသည် စီးပွားရှာလို့ ကောင်းလာသည့် လူမှုရေး၊ စီးပွားရေး ပြဿနာဖြစ်လာခြင်းဖြစ်ကြောင်း၊ ယခုပြဿနာကို ရှင်းလင်းရန်အတွက် ဗဟိုခွာစနစ်ကို ကျင့်သုံးရမည်ဖြစ်ကြောင်း၊ ရန်ကုန်တိုင်းအတွင်း မည်သည့်မြို့နယ်တွင်မဆို အခွင့်အရေး ပေးနိုင်မည်ဆိုပါက ဗဟိုခွာစနစ်ကိုသွားကာ လူဦးရေကျပ်တည်းမှုကို ဖြေရှင်းနိုင်မည်ဖြစ်ကြောင်း၊ ပြဿနာများ၏ အဓိကအချက်သည် မြို့တွင်း ၃၃ မြို့နယ်၏ ဧရိယာသည် ကျဉ်းပြီး ၁၁ မြို့နယ်၏ ဧရိယာသည် ကျယ်ပြန့်ကြောင်း၊ ၁၁ မြို့နယ်တွင် ဧရိယာများကြောင်း၊ ရန်ကုန်တိုင်း၏ ဧရိယာသည် ၁၀၂၃၉ စတုရန်း မီတာရှိကြောင်း၊ မြို့တွင်း ၃၃ မြို့နယ်၏အကျယ်သည် ၇၉၄ စတုရန်းမီတာရှိပြီး ၁၁ မြို့နယ်၏ အကျယ်သည် ၉၄၄၅ စတုရန်းမီတာ ကျယ်ဝန်းသဖြင့် ၃၃ မြို့နယ်၏ ဧရိယာ အကျယ်အ၀န်းထက် ၁၁ ဆရှိကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

“အဲဒါကြောင့် ၁၁ မြို့နယ်ရဲ့ ဒေသဖွံ့ဖြိုးရေးကို ဦးတည်ပြီးတော့ ဒီစီမံကိန်းကို ရေးဆွဲခြင်း ဖြစ်ပါတယ်။ ဗဟိုစုစနစ်အရ ဖြစ်လာတဲ့အတွက်ကြောင့် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကွပ်ကဲမှုအောက်မှာရှိတဲ့ ၃၃ မြို့နယ်ရဲ့ ပြင်ပ ၁၁ မြို့နယ်ရဲ့ ဖွံ့ဖြိုးတိုးတက်မှုက ကွာဟလာတာဖြစ်တယ်။ နေရာကြီးတဲ့ဒေသက တိုးတက်မှုကျလာပြီးတော့ နေရာသေးပြီးတော့ ၁၂ ပုံမှ တစ်ပုံလောက်ရှိတဲ့နေရာက တိုးတက်နေတယ်။ ဒါက လိုက်လျောညီထွေ မရှိတာကြောင့် ဒီ ၁၁ မြို့နယ်ကို အလေးထား ဆောင်ရွက်ဖို့ လိုအပ်လာတဲ့အတွက် စီမံကိန်းကို ရေးဆွဲတာ ဖြစ်ပါတယ်” ဟု မြို့တော်ဝန်က ပြောကြားသည်။

ရည်ရွယ်ထားမှုသည် နိုင်ငံတကာ အဆင့်မီစေရန်ဖြစ်ကြောင်း၊ အဆင့်မီရန် လုပ်ဆောင်နိုင်ရန် အများကြီးလိုအပ်နေကြောင်း၊ ရန်ကုန်တိုင်းအတွင်း ကိုးကိုးကျွန်း အပါအ၀င် ၄၅ မြို့နယ်ရှိကြောင်း၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေးအောက်တွင် ၃၃ မြို့နယ်ရှိပြီး ရန်ကုန်စည်ပင်သာယာရေးမြို့နယ်ပြင်ပ ၁၁ မြို့နယ်ဖွံ့ဖြိုးမှုအတွက် လိုအပ်လာကြောင်း၊ ထို့ကြောင့် စည်ပင်နယ်နမိတ်ပြင်ပ ၁၁ မြို့နယ်တွင် အကောင်အထည်ဖော်မည့် စက်မှုဇုန်များတွင် အသေးစားအလတ်စား လုပ်ငန်းများလည်း ပါရှိမည်ဖြစ်ကြောင်း၊ Semie Production များလည်း ပါရှိမည်ဖြစ်ကြောင်း မြို့တော်ဝန်က ပြောကြားသည်။

“လွှတ်တော်ကိုယ်စားလှယ်တွေက ထောက်ခံအကြံပြုသည်ဖြစ်စေ၊ ကန့်ကွက်အကြံပြုသည်ဖြစ်စေ ဒါဟာကောင်းစေချင်တဲ့ ဆန္ဒနဲ့ပြောတဲ့အတွက် လမ်းကြောင်းမှန်ကို ရွေးနိုင်မှာဖြစ်တဲ့အတွက် ကျေးဇူးတင်ပါတယ်။ ရန်ကုန်တိုင်းဒေသကြီးက မြန်မာနိုင်ငံရဲ့ စီးပွားရေးမြို့တော်ဖြစ်တယ်။ တိုင်းပြည် GDP ရဲ့ ၂၄ ရာခိုင်နှုန်းကျော်ကို နှစ်စဉ် ရှာဖွေဖြည့်စီးပေးနေတဲ့ တိုင်းဒေသကြီးဖြစ်တဲ့အတွက် ၁၁ မြို့နယ်နဲ့ YCDC အောက်မှာရှိတဲ့ ၃၃ မြို့နယ်ရဲ့ ကွာဟမှုက နည်းနိုင်သမျှ နည်းရပါလိမ့်မယ်” ဟု မြို့တော်ဝန်က ပြောကြားသည်။

ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာရေးအဖွဲ့ ကွပ်ကဲမှုအောက်ရှိ မြို့နယ် ၁၁ မြို့နယ်တွင် နိုင်ငံတကာအဆင့်မီ စက်မှုဇုန်များ အကောင်အထည်ဖော်ဆောင်ရွက်မည့် အစီရင်ခံစာအား တိုင်းဒေသကြီးလွှတ်တော်မှ မှတ်တမ်းအဖြစ် အတည်ပြုခဲ့ကြောင်း သိရသည်။

ဆန်းထူးအောင်၊ ပြည့်ဖြိုးအောင်
Eleven Media Group

0 comments:

Post a Comment