Wednesday, June 6, 2018

လူမှုကွန်ရက်တွင် ကိုရဲမျိုးသန့် ရေးသားချက်များကြောင့် ကုမ္ပဏီနှင့် လူကြီးများ နစ်နာသည်ဟု တရားလို ထွက်ဆို


MLM ဆန့်ကျင်ရေး လူမှုကွန်ရက်ပေါ် ရေးသားခဲ့သူ ကိုရဲမျိုးသန့်အား ဆက်သွယ်ရေး ပုဒ်မ ၆၆ ဖြင့် ဒေါပုံမြို့နယ် တရားရုံး၌ တရားစွဲဆိုထားမှု သုံးကြိမ်မြောက် ဇွန်လ ၆ရက် ရုံးချိန်းတွင် တရားလို စိုင်းမျိုးမင်းလတ် က Successmore ကုမ္ပဏီ နှင့် လူကြီးများ နစ်နာသည်ဟု တရားရုံးသို့ လာရောက် လျှောက်ထားခဲ့ကြောင်းသိရသည်။

အဆိုပါ Successmore ကုမ္ပဏီမှ ဒါရိုက်တာ တစ်ဦးဖြစ်သူ ဦးစိုင်းမျိုးမင်းလတ်က တရားရုံးတွင် ထွက်ဆိုရာ ၂၀၁၇ ခုနှစ် စက်တင်ဘာလ ၉ ရက်တွင် ဦးရဲမျိုးသန့် က လူမှုကွန်ရက်စာမျက်နှာ၌ ရေးသားမှုများသည် ၄င်းတို့ ကုမ္ပဏီကို ထိခိုက်သည့်အပြင် စားသုံးသူ လူအများကိုပါ ထင်ယောင်ထင်မှားဖြစ်စေကြောင်း၊ ကုမ္ပဏီပညာရှင်နှင့် အကြီးအကဲများပုံကို ရေးသားထားမှုသည်လည်း လူကြီးများကို ထိခိုက်စေပြီး ၄င်းတို့ကုမ္ပဏီသည် တရားဝင် မှတ်ပုံတင်ပြီး FDA ထုတ်ခွင့်ပြုသော ပစ္စည်းများသာ ထိုင်းနိုင်ငံမှ တစ်ဆင့် ထုတ်လုပ်ရောင်းချသည်ဟု တရားခွင်တွင် ထွက်ဆိုခဲ့သည်။

’’အဓိက ကိုရဲမျိုးသန့် က ကုမ္ပဏီကို ထိခိုက်လို့ တရားစွဲဆိုတာပါ။ လူမှုကွန်ရက်ဆိုတာ လူသန်းနဲ့ချီကြည့်တာလေ။  တစ်ယောက်ချင်းဆဲတာ မဟုတ်ဘဲ  အခုလို ပြောတာတော့ အများကြီး ထိခိုက်ပါတယ်။ လာမယ့်တရားရုံးချိန်းကို တော့ ဇွန်လ၂၀ ရက် မှာ ပြန်ချိန်းလိုက်ပါတယ်။ ကျွန်တော်တို့က နစ်နာသူမို့လို့ အမှန်တရားဖြစ်အောင် ဒီဟာကို ရင်ဆိုင်သွားရမှာပေါ့’’ဟု ဦးစိုင်းမျိုးမင်းလတ် က ပြောသည်။

ဇွန်လ ၆ ရက်နေ့ ဒေါပုံမြို့နယ် တရားရုံးတွင် စစ်ဆေးရာ တရားလိုဘက်မှ သက်သေခံများ တင်သွင်းခဲ့ပြီး ကုမ္ပဏီမှတ်ပုံတင် မူရင်းအား မတင်ပြနိုင်သဖြင့် ဦးရဲမျိုးသန့် ရှေ့ နေမှ ကန့်ကွက်ခဲ့ရာ လာမည့်ရုံးချိန်းတွင် ပြန်လည် တင်ပြ ရမည်ဖြစ်ကြောင်း သိရသည်။

’’ဒီနေ့ တရားလိုဘက်က ကိုစိုင်းမျိုးမင်းလတ်က တရားရုံးမှာလာ အစစ်ခံတယ်။သူတို့ဘက်က စွဲချက်မှာ အငြင်းပွားဖွယ်ရာ ဖြစ်တဲ့အတွက် တရားသူကြီးက မျှမျှတတ ဆုံးဖြတ်ပြီး တရားရုံးချိန်ပြန်ပေးလိုက်တယ်။ သူတရားရုံးမှာ ထွက်ဆိုသွားတာ မှားတာတွေလည်း ပါသလို မှန်တာတွေလည်းပါပါတယ်။ အကိုဘက်ကလည်း ဒါကို ထုချေဖို့ သက်သေ အထောက်အထားတွေရှိပါတယ်။ အကိုအနေနဲ့လည်း ဖေ့စ်ဘုတ်မှာ ရမ်းရေးတာ မဟုတ်ပါဘူး။ အကိုက သူတို့ကုမ္ပဏီကို ထိခိုက်စေချင်လို့ ရေးတာမဟုတ်ပါဘူး။ နောက်ပြီး အကိုကို အာမခံ ပြန်ရုတ်စေချင်တဲ့ အပြောအဆိုပေါ့။ ဒါက အကိုပြောချင်တာ အရမ်းမှန်နေလို့ သူမကျေနပ်တာလား အဲဒီလိုပဲ မေးစရာရှိတယ်’’ ဟု တရားစွဲဆိုခံရသူ ကိုရဲမျိုးသန့် က ပြောသည်။

MLM ဆန့်ကျင်ရေး လှုပ်ရှားသူ ကိုဇင်ဇေ ကလည်း ၄င်း MLM မှာ လူအများ၏ အချိန်ကို လုပ်ခလစာ မပေးဘဲ ရယူသုံးစွဲခြင်း၊ တကယ် အမြတ်အများဆုံးရသည်မှာ ကုမ္ပဏီကိုယ်စားလှယ်များသာဖြစ်သည်ဟု ၄င်းကလည်း ဆိုသည်။

မင်းသီဟန်(အကုန်သိသတင်းဌာန)


0 comments:

Post a Comment