Thursday, June 7, 2018

ရှမ်းပြည်ရေကြီး၍ ဒုဋ္ဌဝတီမြစ်ဝှမ်းဒေသများကို မန္တလေးအစိုးရသတိပေးချက်ထုတ်


ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ပြီးခဲ့သည့်ရက်ပိုင်းက မိုးသည်းထန်စွာ ရွာသွန်းခဲ့မှုကြောင့် ဒုဋ္ဌဝတီမြစ်ဝှမ်းတစ်လျှောက် ရေကြီးနိုင်သည့်အတွက် မန္တလေးတိုင်း အစိုးရအဖွဲ့က သဘာဝဘေးအန္တရာယ်ဆိုင်ရာ အထူးသတိပေးချက်တစ်ခု ဇွန်လ ၇ ရက်နေ့က ထုတ်ပြန်လိုက်သည်။

“အစိုးရအဖွဲ့ကတော့ အထူးသတိပေးထားတာပေါ့နော်။ မီးသတ်တပ်ဖွဲ့တွေက အလန်းလုပ်ဖို့ရယ်။ ထွေအုပ်ကနေတစ်ဆင့် သက်ဆိုင်ရာ ဒေသခံတွေကို သတိပေးဖို့ရယ် လုပ်ထားတာပါ။ ကယ်ဆယ်ရေးတွေလုပ်ဖို့ ကျွန်တော်တို့ အဆင်သင့်ရှိပါတယ်”ဟု မန္တလေးတိုင်းအစိုးရအဖွဲ့ သစ်တော၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဦးမျိုးသစ်က ပြောကြားသည်။

ရှမ်းပြည်နယ် မြောက်ပိုင်းတွင် ရွာသွန်းနေသည့်မိုးကြောင့် ဒုဋ္ဌဝတီမြစ်တစ်လျှောက် အထူးသဖြင့် မြေနိမ့်ဒေသဖြစ်သည့် နမ့်လန်မြို့သည် စိုးရိမ်ရပြီး မိုးရွာဒေသ၏ မိုင် ၃၀ ဝန်းကျင်နှင့် သီပေါမြို့တောင်ဘက် တောင်တန်းဒေသ မဲပုတ်၊ ချောင်လင်၊ ရဲရွာဆည်အရှေ့ မြောက်ဖျားဒေသ၊ အပန်းဖြေစခန်း (၇-မိုင်) ၊ ရွှေစာရံ၊ မြစ်ငယ်၊ အင်းဝ (ရလွန်းကျော်) ဒေသနေထိုင်သူများနှင့် ခရီးသွားနေသူများ အထူးသတိပြုသွားလာကြရန် ထုတ်ပြန်ထားခြင်းဖြစ်သည်။

ဒုဋ္ဌဝတီမြစ်ကြောင်းတစ်လျှောက် သဘာဝ ဘေးသင့်လာပါက ဒုက္ခသည်များအတွက် နေထိုင်ရေး၊ စားသောက်ရေး၊ ပြန်လည် နေရာချထားရေးတို့အတွက် ကြိုတင်ပြင်ဆင်မှုများ လုပ်ဆောင်ထားသည့်အပြင် ရွှေ့ပြောင်းသင့်သည့် အခြေအနေ ဖြစ်ပေါ်လာပါကလည်း မြို့နယ်အဆင့် စီမံခန့်ခွဲရေးကော်မတီက ကူညီလုပ်ဆောင်ပေးမည်ဖြစ်ကြောင်း သဘာဝ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးအေးမင်းသူက ပြောကြားသည်။

“တောင်ပေါ်ဒေသမှာ မိုးကြီးတယ်ဆိုတော့ တောင်ကျချောင်းတွေ၊ မြစ်တွေနဲ့ ဆက်စပ်တဲ့နေရာတွေမှာ သတိထားရမယ့် အခြေအနေပါ။ ဒါပေမဲ့ အရမ်းကြီး စိုးရိမ်ရတဲ့ အနေအထားမျိုးတော့ မဟုတ်ပါဘူး”ဟု ၎င်းကပြောဆိုသည်။

ရှမ်းပြည်နယ်မြောက်ပိုင်းတွင် မိုးသည်းထန်းစွာ ရွာသွန်းနေသောကြောင့် ဒုဋ္ဌဝတီမြစ်ရေ တစ်ပေခွဲခန့်အထိ မြင့်တက်လာသော်လည်း စိုးရိမ်ရေမှတ် မရောက်သေးကြောင်း မန္တလေးတိုင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနထံမှ သိရသည်။

တစ်ပတ်အတွင်း၌လည်း မြန်မာနိုင်ငံအနှံ့အပြားတွင် မိုးရွာသွန်းရန်ရှိနေပြီး အချို့ဒေသများတွင် မိုးသည်းထန်နိုင်ကြောင်း ယင်းဦးစီးဌာနမှ ခန့်မှန်းထားသည်။

The Voice

0 comments:

Post a Comment