Wednesday, June 20, 2018

အာရှပတ်လမ်း၏ အစိတ်အပိုင်းတွင် ပါဝင်သော မန္တလေး-မုံရွာ-ပုလဲ-ဂန့်ဂေါ-ကလေးမြို့တို့ကို ဆက်သွယ်ထားသည့် လမ်းမကြီးပေါ်ရှိ ကမ္ဘားနီတံတားသစ်ကို ၂၀၁၈-၂၀၁၉ ဘတ်ဂျက်တွင် ထည့်သွင်းဆောက်လုပ်ပေးရန် လျာထား


အာရှပတ်လမ်း၏ အစိတ်အပိုင်းတွင် ပါဝင်သော မန္တလေး – မုံရွာ – ပုလဲ – ဂန့်ဂေါ – ကလေးလမ်းပိုင်းရှိ ကလေးမြို့နယ်အတွင်းရှိ ကမ္ဘားနီတံတား အသစ်တစ်စင်းကို ၂၀၁၈-၂၀၁၉ ဘတ်ဂျက် တည်ဆောက်နိုင်ရန် အတွက် လျာထား ထည့်သွင်းထားသည်ဟု သိရသည်။

“၂၀၁၈-၂၀၁၉ ဘတ်ဂျက်မှာ လျာထားမယ်လို့ ၀န်ကြီးက ဖြေပါတယ်။ အဟောင်းနေရာ မဟုတ်ပါဘူး။ လက်ရှိတံတားရဲ့ အောက်နားမှာ အသစ်ထပ်လုပ်ပေးမှာ။ ကား၊ ဆိုင်ကယ်၊ လူတို့ ဖြတ်လို့ရအောင်ပါ။ ရထားသံလမ်း ကမ္ဘားနီတံတားအဟောင်းကို ရထားအတွက်ပဲ သီးသန့်ထားတော့မယ်။ ရထားသွားသည်ဖြစ်စေ၊ မသွားသည်ဖြစ်စေ၊ တံတားအသစ်တစ်စင်း ထပ်ထိုးပေးမှာပါ။ အပြိုင်တံတားတစ်စင်း အသစ်ထိုးမှာပါ။ လက်ရှိ ကမ္ဘားနီတံတားက ထိုးထားတာ ၂၅ နှစ်တောင် ရှိသွားပြီဆိုတော့ အဲဒီတံတားမှာ ဆိုင်ကယ်လဲတဲ့ သူ့ နေ့တိုင်းလို ရှိနေတယ်။ မိုးရာသီဆို ပိုဆိုးတယ်။ ပြည်သူလူထု အတွက် မသုံးသင့်တဲ့ တံတားပါ။ ဘတ်ဂျက်ရရှိမှု အပေါ်မှာ လုပ်ပေးမယ်ပေါ့။ ကျွန်မက အဲဒီတံတားကို အရင်နှစ်ကတည်းက ကလေးမြို့ ပြည်သူလူထုအတွက် ဘာအလိုအပ်ဆုံးလဲဆိုတာ စဉ်းစားကြည့်တော့ မြစ်သာမြစ်ကူး တံတားရယ်၊ အခုမြစ်သာမြစ်ကူးတံတားကလည်း ကလေးမြို့ဖက်က ရွာတွေက အကန့်အသတ်နဲ့ သွားနေရတယ်။ ကလေးမြို့ဘက်ခြမ်းမှာ လိုတယ်။ မြစ်သာမြစ်ကူးတစ်စင်းက ရှိပေမဲ့ ကလေးမြို့အတွက် အသုံးမ၀င်ဘူး ဖြစ်နေတယ်။ အဲဒီအတွက် တံတားတစ်စင်းရယ်။ အခု ကမ္ဘားနီတံတားရယ်ပေါ့။ ပြည်သူလူထုအတွက် အသုံးပြုနိုင် အရေးပါတဲ့ တံတားတွေ တောင်းတာပါ။ ပြီးတော့ ကမ္ဘားနီတံတားက သူတို့ ဆောက်ခဲ့တုန်းက ဘတ်ဂျက် အခြေအနေပေါ် ကြည့်ပြီးတော့ ဆောက်ခဲ့ပုံရပါတယ်။ လက်ရှိအချိန်မှာ လုံးဝမဖြစ်သင့်တော့တဲ့ အသုံးမပြုသင့်တော့တဲ့ တံတားဖြစ်နေတယ်။ ကားနဲ့ ဆိုင်ကယ်နဲ့ လူနဲ့ လွတ်လွတ် ကျွတ်ကျွတ်သွားရမယ့် တံတားတစ်စင်း လိုတာပါ။ ၀န်ကြီးဌာနနဲ့လည်း သေသေချာချာ ကွင်းဆင်းပြီး တင်ပြတောင်းခံခဲ့တာပါ။ အခုတော့လည်း ၂၀၁၈-၂၀၁၉ ဘတ်ဂျက်မှာ ထည့်ပေးမယ်ဆိုတော့ ကျေနပ်မိပါတယ်” ဟု ကလေးမြို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ရှားမီးက ပြောကြားသည်။

လက်ရှိ ကမ္ဘားနီတံတားသည် ရထားလမ်းပါဝင်ပြီး ကလေး-ဂန့်ဂေါ မီးရထားလမ်းမပေါ်တွင် ရထားတံတားအဖြစ် တည်ဆောက်ခဲ့ပြီး နှစ်သက်တမ်း ၂၅ နှစ်ခန့်ရှိကာ ၂၀၁၅ ရေဘေးတွင်လည်း ပျက်စီးမှုဒဏ်ကို ခံခဲ့ရပြီး ပြန်လည် ပြင်ဆင်ခဲ့ရကာ လက်ရှိတွင် ၂၂ ဘီးတွဲကားများ၊ ၁၂ ဘီးကားများစသည့် ကုန်တင်ကားများ၊ ခရီးသည်တင်ကားများ၊ ပုဂ္ဂလိကပိုင်းကားများ၊ ဆိုင်ကယ်များ နေ့စဉ်ဖြတ်သန်းလျက်ရှိပြီး တံတား၏ ကြံ့ခိုင်ရေးအတွက်လည်း ဒေသခံများ စိုးရိမ်လျက်ရှိသည်ဟု သိရသည်။

“ကမ္ဘားနီတံတားက လောလောဆယ်မှာတော့ ကလေးမြို့၊ တမူးမြို့ကိုလာတဲ့ ကားတွေ အကုန်ဖြတ်ရတယ်။ မိုးရာသီဆိုရင် ကလေး-ဂန့်ဂေါ-ပုလဲ-မုံရွာလမ်းက သွားလာကြတာများတော့ ဒီတံတားကို မဖြတ်မဖြစ် ဖြတ်ရတယ်။ ဒီတံတားသာ တစ်ခုခု ဖြစ်သွားမယ် ဆိုရင်တော့ ကလေးမြို့၊ တမူးမြို့တို့က ဒေသခံတွေ ကားလမ်းက အဆက်အသွယ် ပြတ်တောက်သလောက် ဖြစ်သွားမယ်။ ယာကြီးလမ်းကလည်း သွားမရဘူး။ မိုးတွင်းဆို မဟာမြိုင်လမ်းကလည်း သွားရတာ မလွယ်ဘူး။ ဒီတံတားကိုပဲ အားကိုးသွားနေကြရတယ်။ တစ်ရက်ကို ကား၊ ဆိုင်ကယ် အစီးရေ ရာဂဏန်းလောက် ဖြတ်သန်းနေတဲ့ တံတား ဖြစ်ပါတယ်။ မိုးတွင်းဆိုရင် နန်းကသည်းချောင်း (မဏိပူရ်မြစ်) ကလည်း ရေတအားများတော့ တံတားမရှိလို့ မဖြစ်ဘူး။ ချင်းတောင်၊ ချင်းတောင်ခြေနဲ့ ကဘော်ဒေသအတွက် အရေးပါတဲ့ တံတားတစ်စင်း ဖြစ်ပါတယ်” ဟု ကလေးမြို့ ဒေသခံတစ်ဦးက ပြောကြားသည်။

အောင်သူထွန်း
Eleven Media Group

0 comments:

Post a Comment