Tuesday, June 19, 2018

မလေးရှားမူးယစ်အမှုအတွက် မြန်မာဘက်တွင် (၅) ဦးဖမ်းဆီးရမိထားပြီး နှစ်ဦးလွတ်မြောက်နေကာ ကျပ်သိန်းပေါင်း နှစ်သိန်းနီးပါး သိမ်းဆည်းရမိထား


မလေးရှားနိုင်ငံတွင် ဖမ်းမိခဲ့သည့် မြန်မာမှပို့ သော မူးယစ်ဆေးဝါးအမှုအတွက် တရားခံ(၇) ဦးက စုပေါင်း ကြံစည်ခဲ့ကြခြင်းဖြစ်ပြီး နှစ်ဦးမှာထွက်ပြေးတိမ်းရှောင်နေကြာင်းနှင့် အဆိုပါအမှုထံမှငွေကျပ်သိန်းပေါင်း နှစ်သိန်းနီးပါးကို နိုင်ငံတော်က သိမ်းဆည်းရမိထားပြီဖြစ်ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ က ဇွန်လ ၁၉ ရက်ညပိုင်းတွင် သတင်းထုတ်ပြန်လိုက်သည်။
မလေးရှားနိုင်ငံတွင် ဖမ်းမိသည့် မူးယစ်ဆေးဝါးအမှုအတွက် မြန်မာဘက်ခြမ်းတွင် ပထမဆုံးအဖြစ် မောင်မောင် (ခ) HJ Yassin(ဟာဂျီ ယာဆင်) ကို ဇွန်လ ၅ ရက်က မန္တလေးမြို့ (၁၆)မိုင်စစ်ဆေးရေးဂိတ်တွင် ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ပြီး ၄င်းကို စစ်ဆေးမေးမြန်းထားမှုအရ အဆိုပါအမှုတွင် ချင်ကျားမူ(ခ) မကျားဝေ(ခ) နှင်းဦးလွင် ၊ မင်းနိုင်၊ ဟူစိန်(ခ) မိုဟာမက်ဟူစိန် ၊ ဇေယျာဟိန်း၊ အစ်ကိုကြီး(ခ)ကတုံးနှင့် ထားဝယ်ကြီး(ခ) အောင်လွင်တို့ က ပူးပေါင်းလုပ်ကိုင်ခဲ့ကြခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့ ၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။ ချင်ကျားမူ(ခ) နှင်းဦးလွင် ဆိုသူမှာ တာချီလိတ်မြို့ နယ်တွင် နေထိုင်သူဖြစ်ပြီး ဟာဂျီယာဆင်နှင့် မလေးရှားနိုင်ငံတွင် တွေ့ ဆုံသိကျွမ်းခဲ့သူဖြစ်ပြီး တာချီလိတ်မှနေ၍ မူးယစ်ဆေးဝါးများကို မြန်မာနိုင်ငံရှိ မြို့ အသီးသီးကို ဖြတ်၍ လှည်းကူးမြို့ ရှိ မင်းနိုင်ဆိုသူပိုင်သော Nice Guy သောက်ရေသန့် စက်ရုံသို့ပို့ခဲ့ကြောင်း သိရသည်။ အဆိုပါ ရေသန့် စက်ရုံမှတစ်ဆင့် မိုဟာမက်ဟူစိန်ဆိုသူက Bongo Box ယာဉ်ဖြင့် အောက်ပုဇွန်တောင်လမ်းရှိ မောင်မောင်၏ ဂိုဒေါင်သို့ပို့ဆောင်ခဲ့ကြောင်း၊ ၎င်းမှတဆင့် မင်းနိုင်၏ Nice Guy Clerance Service Agency မှ စီစဉ်ပေးမှုဖြင့် ကွန်တိန်နာအတွင်း မြန်မာ့ရိုးရာအစားအသောက်များနှင့် ရောနှောကာ မလေးရှားနိုင်ငံသို့ ပို့ခဲ့ကြောင်းလည်း ဆိုသည်။ ယင်းမှတစ်ဆင့် ဟာဂျီယာဆင်၏ ယောက်ဖတော်စပ်သော မလေးရှားနိုင်ငံတွင်နေထိုင်ပြီး စတိုးဆိုင်ဖွင့်လှစ်ထားသူ ဇေယျာဟိန်းထံသို့ ပို့ ဆောင်ခဲ့ကာ မလေးရှားနိုင်ငံတွင်နေထိုင်သည့် အစ်ကိုကြီး(ခ) ကတုံး(နှင်းဦးလွင်၏ ခင်ပွန်းဖြစ်သူ)က ဖြန့် ရမည့်နေရာသို့ ဆက်လက်ဖြန့် ဖြူးရန် စီစဉ်နေခြင်းဖြစ်ကြောင်း ပေါ်ပေါက်လာသည်။

ယင်းနောက်တွင် ဇေယျာဟိန်းဆိုသူကို မြန်မာပတ်စ်ပို့ သက်တမ်းတိုးရန် ရန်ကုန်သို့ ပြန်လာစဉ် ဇွန်လ ၉ ရက်၌ ရဲတပ်ဖွဲ့ က ဖမ်းဆီးခဲ့ကြောင်း၊ ဟာဂျီယာဆင်နှင့် ဇေယျာဟိန်းတို့ ၏ ထွက်ဆိုချက်များအရ ထားဝယ်မြို့ နေ ထားဝယ်ကြီး (ခ) အောင်လွင်နှင့် မလေးရှားတွင် အုပ်စုဖွဲ့ ခင်မင်ခဲ့ကြပြီးနောက် ပူးပေါင်းပို့ ဆောင်ဖြန့် ချိရန် စီစဉ်ခဲ့ခြင်းဖြစ်ကြောင်း ဆက်လက်ဖော်ထုတ်ရရှိသည်ဟု ရဲတပ်ဖွဲ့ က ဆိုသည်။ ထားဝယ်ကြီး(ခ) အောင်လွင်ကို ဇွန်လ (၁၂)ရက်တွင် မလွှဲတောင်စစ်ဆေးရေးဂိတ်၌ ဖမ်းဆီးရမိခဲ့ပြီး ၎င်း၏ထားဝယ်မြို့ နေအိမ်မှ ICE (၁၀) ဂရမ် သိမ်းဆည်းရမိခဲ့ကြောင်း၊ ၄င်း၏ထွက်ဆိုချက်အရ မာင်မောင် (ခ) HJ Yassin ၊ ဇေယျာဟိန်း၊ ချင်းကျားမူ (ခ) မကျားဝေ (ခ) နှင်းဦးလွင်နှင့် ၎င်း၏ခင်ပွန်း အကိုကြီး (ခ) ကတုံးတို့ ပူးပေါင်း၍ မူးယစ်ဆေးဝါးများကို မင်းနိုင်၏အကူအညီဖြင့် မလေးရှားနိုင်ငံသို့ ပေးပို့ခဲ့ကြောင်းနှင့် ၎င်းသည် ယခင်က မလေးရှားနိုင်ငံ၌ မူးယစ်ဆေးဝါးမှုဖြင့် ထောင်ကျခဲ့ဖူးကြောင်း သိရသည်။ ယင်းကဲ့သို့ ကွင်းဆက်စစ်ဆေးပေါ်ပေါက်ချက်များအရ မူးယစ်ဆေးဝါးသယ်ဆောင်ရောင်းဝယ်ရာမှရရှိသော အကျိုးအမြတ်များဖြင့် ရယူပိုင်ဆိုင်ထားသည်ဟု ယူဆရသည့် မြေ၊ အဆောက်အဦ၊ မော်တော်ယာဉ်၊ ရွှေ၊ ငွေ၊ ဘဏ်စာရင်းများကို စိစစ်ခဲ့ရာ မောင်မောင်(ခ) HJ Yassin (ဖမ်းမိ)ထံမှ ခန့်မှန်းကျပ်သိန်းပေါင်း ၇၀၀၀၀ ကျော်၊ ထားဝယ်ကြီး (ခ) အောင်လွင် (ဖမ်းမိ)ထံမှ ခန့်မှန်း ကျပ်သိန်းပေါင်း ၂၇၀၀၀ ကျော်၊ ဇေယျာဟိန်း (ဖမ်းမိ)ထံမှ ခန့်မှန်း ကျပ်သိန်းပေါင်း ၄၀၀၀ ကျော်၊ မင်းနိုင်(ဖမ်းမိ)ထံမှ ခန့်မှန်းကျပ်သိန်းပေါင်း ၅၀၀ ခန့်၊ ချင်ကျားမူ (ခ) မကျားဝေ (ခ)နှင်းဦးလွင်(တိမ်းရှောင်) ပိုင်ဆိုင်သည့် ခန့်မှန်းကျပ်သိန်းပေါင်း ၈၀၀၀၀ ကျော်၊ ဟူစိန်(ခ) မိုဟာမက်ဟူစိန် (တိမ်းရှောင်) ပိုင်ဆိုင်သည့် ခန့်မှန်းကျပ်သိန်းပေါင်း ၅၀၀၀ ကျော် စုစုပေါင်း ကျပ်သိန်းပေါင်း ၁၈၆၅၀၀ ကို ကနဦးစိစစ်တွေ့ရှိရ၍ ထိန်းသိမ်းကာ ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဥပဒေနှင့်အညီဆောင်ရွက်သွားမည်ဟု ရဲတပ်ဖွဲ့ က ထုတ်ပြန်သည်။

ယင်းအပြင် တရားခံပြေး ချင်ကျားမူ (ခ)မကျားဝေ(ခ) နှင်းဦးလွင်၊ (၄၅)နှစ်ခန့်၊ (ဖ) ဦးစိုင်းမောင်၊ မှတ်ပုံတင်အမှတ် ၁၃/တကန(နိုင်)၁၂၈၈၆၆၊ အမှတ် ၁/၆(၅၆)၊ ဘုရားဖြူလမ်း၊ နယ်မြေ(၁)၊ ပန်းတင်လမ်းခွဲ၊ တောင်ကြီးမြို့နှင့် အမှတ် (၂/၂၉)၊ ဗိုလ်ချုပ်လမ်း၊ မယ်ခေါင်ရပ်ကွက်၊ တာချီလိတ်မြို့နေသူနှင့် ဟူစိန်(ခ)မိုဟာမက်ဟူစိန်၊ (၄၄)နှစ်ခန့်၊ (ဖ)ဦးဂိုလာမာမက်၊ မှတ်ပုံတင်အမှတ် ၁၀/မလန(နိုင်) ၁၅၀၈၁၂၊ အမှတ် ၈၁/F ၊ ပထမထပ်၊ ၅၅ လမ်း၊ (၂)ရပ်ကွက်၊ ပုဇွန်တောင်မြို့နယ်၊ ရန်ကုန်မြို့နေသူတို့ကို ဖမ်းဆီးရမိရေးအတွက် ရဲတပ်ဖွဲ့ က ၀ရမ်းထုတ်၍ ရှာဖွေနေပြီဖြစ်ကြောင်း သိရသည်။ 


မိုးတိမ်(အကုန်သိ သတင်းဌာန)

0 comments:

Post a Comment