Friday, June 15, 2018

ဘဏ်များအပေါ် စိတ်ချလုံခြုံမှုနှင့် ယုံကြည်မှုရှိခြင်းမှာ ခုနစ်ရာခိုင်နှုန်းခန့်သာရှိပြီး ဘဏ်များမှာ လူချမ်းသာများအတွက်သာ ဖြစ်သည်ဟု ယူဆသူများပြားနေကြောင်း စစ်တမ်းများတွင် ဖော်ပြ


ဘဏ်များအပေါ် စိတ်ချလုံခြုံမှုနှင့် ယုံကြည်မှုရှိခြင်းမှာ ခုနစ်ရာခိုင်နှုန်းခန့်သာရှိပြီး ဘဏ်ဆိုသည်မှာ လူချမ်းသာများအတွက်သာဖြစ်သည်ဟု ပြည်သူအများစုမှာ ယူဆနေကြကြောင်း Visa က ပြုလုပ်ခဲ့သည့် စစ်တမ်းများအရ သိရသည်။

ဘဏ်များအနေဖြင့် စိတ်ချလုံခြုံမှုရှိသည်ဟု သဘောတူသူ အရေအတွက်မှာ ခုနစ်ရာခိုင်နှုန်းခန့်သာရှိပြီး သဘောမတူသူ အရေအတွက်မှာ ၆၈ ရာခိုင်နှုန်း၊ ကြားနေမှာ ၂၅ ရာခိုင်နှုန်းဖြစ်ကြောင်း သိရသည်။ ဘဏ်များအနေဖြင့် ယုံကြည်ရသည်ဟု သဘောတူသူမှာ ခုနစ်ရာခိုင်နှုန်း၊ သဘောမတူသူမှာ ၆၆ ရာခိုင်နှုန်းနှင့် ကြားနေမှာ ၂၇ ရာခိုင်နှုန်း ရှိနေခြင်းဖြစ်ကြောင်း သိရသည်။

ထို့အတူ ပြည်တွင်းရှိ ဘဏ်များအနေဖြင့် ပွင့်လင်းမြင်သာမှုရှိသည်ဟု ယူဆသူမှာ ရှစ်ရာခိုင်နှုန်းသာရှိပြီး ထိုသို့မယူဆသူမှာ ၅၆ ရာခိုင်နှုန်းနှင့် ကြားနေမှာ ၃၆ ရာခိုင်နှုန်း ဖြစ်သည်။

၂၀၀၃ ခုနှစ်က ဖြစ်ပွားခဲ့သည့် ဘဏ်အကျပ်အတည်းတွင် ဘဏ်တစ်ခုပြိုလဲရာမှ အစပြုပြီး မြန်မာနိုင်ငံ၏ ဘဏ်လုပ်ငန်း ကဏ္ဍတစ်ခုလုံး လျင်မြန်စွာ ထိခိုက်ခဲ့ကြောင်း အဆိုပါ လေ့လာဆန်းစစ်ချက်တွင် ဖော်ပြထားသည်။ ထိုစဉ်က ဘဏ်တွင် ငွေအပ်နှံထားသူ အများအပြားလည်း ဆုံးရှုံးမှုများနှင့် ရင်ဆိုင်ခဲ့ရကြောင်း ဆက်လက် ဖော်ပြထားသည်။

သုံးစွဲသူအများစုမှာ ဘဏ်တွင် စာရင်းဖွင့်လှစ်ထားခြင်း မရှိသော်လည်း စီးပွားရေး လုပ်ငန်းများမှာမူ ၀န်ထမ်းများကို လစာပေးချေရန်အတွက် ဘဏ်ကိုအားကိုးကြရသည်ဟု ဆိုသည်။

မြန်မာ့ငွေကြေးသမိုင်းတွင် ဆိုးဝါးသည့် အဖြစ်အပျက်တစ်ခုအဖြစ် လွန်ခဲ့သည့် ၁၄ နှစ်ခန့်က ဖြစ်ပွားခဲ့မှုမှာ ဘဏ်စနစ်အပေါ် ယုံကြည်မှုလျော့နည်းခြင်းကို အချိန်ကြာမြင့်စွာ ဖြစ်တည်နိုင်သည်ဟု ယူဆရကြောင်း သိရသည်။ သို့ရာတွင် ဘဏ်များအပေါ် လူထု၏အမြင်ကို မေးမြန်းသည့်အခါ အများအားဖြင့် အဆိုပါ အကြပ်အတည်းသည် လက်ရှိအနေအထားနှင့် မသက်ဆိုင်သော အတိတ်ကာလ ဖြစ်ရပ်တစ်ခုအဖြစ်သာ မှတ်ယူကြကြောင်း တွေ့ရသည်ဟု အဆိုပါ စစ်တမ်းတွင် ဖော်ပြထားသည်။

ဖြေဆိုသူ သုံးပုံတစ်ပုံခန့်က မြန်မာနိုင်ငံရှိ ဘဏ်များသည် ကြီးကြပ်ကွပ်ကဲမှု အားနည်းသည်ဟု မြင်ကြကြောင်း သိရသည်။ ဖြေဆိုသူ ၄၄ ရာခိုင်နှုန်းက မြန်မာနိုင်ငံတွင် ဘဏ်ခွဲများ လုံလောက်မှုမရှိဟု ပြောဆိုခဲ့ကြကြောင်း သိရသည်။ ဖွံ့ဖြိုးပြီးနိုင်ငံများမှ နိုင်ငံသားများမှာ ဘဏ်လုပ်ငန်းကို နေ့စဉ်လိုအပ်ချက်တစ်ခုအဖြစ် ရှုမြင်နေကြသည့်အချိန်တွင် မြန်မာနိုင်ငံတွင် ၂၈ ရာခိုင်နှုန်းက ဘဏ်များမှာ လူချမ်းသာများအတွက်သာ ဖြစ်သည်ဟု ယူဆလျက်ရှိပြီး ၃၆ ရာခိုင်နှုန်းမှာ ဘဏ်ဝန်ဆောင်မှု လိုအပ်သည့်အချက်ကို နားမလည်နိုင်ဘဲ ရှိနေသေးကြောင်း ဖော်ပြထားသည်။

“ငွေရေးကြေးရေးနဲ့ ဘဏ္ဍာရေးကဏ္ဍမှာ အကြီးမားဆုံး အတားအဆီးတစ်ခုက ယုံကြည်မှုမရှိတာပဲ ဖြစ်ပါတယ်။ လူတွေအနေနဲ့ ဘဏ်တွေအပေါ်မှာ မယုံကြည်ဘူး ဖြစ်နေပါတယ်။ တော်တော်များများကလည်း ဘဏ်တွေဟာ လူချမ်းသာတွေအတွက်သာ ဖြစ်တယ်လို့ ထင်မြင်ယူဆနေကြပါတယ်။ ၆၄ ရာခိုင်နှုန်းလောက်က ငွေကြေးနဲ့ပတ်သက်တဲ့ အသိပညာ မရှိကြဘူးဆိုတာကိုလည်း တွေ့ရတယ်။ အများစု အသုံးပြုကြတာက ငွေလွှဲတာစတဲ့ အခြေခံဝန်ဆောင်မှုလောက်ပဲ အသုံးပြုနေကြတာ ဖြစ်ပါတယ်။ ဒါပေမဲ့ ကြီးမားတဲ့ အခွင့်အလမ်းက ဒီလိုဝန်ဆောင်မှုတွေအပေါ်မှာ စိတ်ဝင်စားမှု အလွန် မြင့်မားနေကြတာပဲ ဖြစ်ပါတယ်။ သူတို့အနေနဲ့ လေ့လာချင်တယ်။ ကြိုးစားကြည့်ချင်ကြတယ်။ ဒီလို Credit ကတ်တွေဘာတွေဆိုရင် မရှိပေမယ့် မသိပေမယ့်လည်း လုပ်ချင်၊ လိုချင်စိတ်ရှိကြတယ်။ ဒါကြောင့် အလားအလာတွေ အများကြီး ရှိပါတယ်” ဟု Visa ၏မြန်မာနိုင်ငံအတွက် Country Manager ဖြစ်သူ Arturo Planell က ပြောကြားသည်။

နေမျိုးထွန်း
Eleven Media Group

0 comments:

Post a Comment