Monday, October 1, 2018

မဲဆွယ်အပြုံး”သရော်စာ ဖော်ပြခဲ့မှု တနင်္သာရီဂျာနယ်ကို စွဲချက်တင်


တနင်္သာရီဂျာနယ်တွင် “မဲဆွယ်အပြုံး” အမည်ရ သရော်စာ ဖော်ပြခဲ့သည့်အတွက် တနင်္သာရီတိုင်းအစိုးရက တရားစွဲဆိုထားသည့်အမှုကို ထားဝယ်မြို့နယ်တရားရုံးက ယနေ့ အောက်တိုဘာလ ၁ ရက်နေ့တွင် သတင်းမီဒီယာဥပဒေ ပုဒ်မ ၂၅ (ခ) ဖြင့် စွဲချက်တင်လိုက်သည်။ 
စက်တင်ဘာလ ၁၇ ရက်က နှစ်ဖက်လျှောက်လဲချက်ကို ကြားနာပြီးနောက် အောက်တိုဘာလ ၁ ရက်နေ့ ၂၅ ကြိမ်မြောက် ရုံးချိန်းတွင် စွဲချက်တင်ရန် မြို့နယ်တရားရုံးက အမိန့်ချလိုက်ခြင်းဖြစ်သည်။ 

သတင်းမီဒီယာ ဥပဒေ ပုဒ်မ ၉ (ဆ) တွင် အများပြည်သူ၏ အကျိုးစီးပွားနှင့် ဆက်စပ်သည့် သတင်းရေးသားခြင်းမျိုး မဟုတ်လျှင် ပုဂ္ဂိုလ်တစ်ဦး၊ အဖွဲ့အစည်းတစ်ခု၏ ဂုဏ်သိက္ခာကို တမင်ထိခိုက်စေသော အရေးအသားနှင့် လူ့အခွင့်အရေးကို ထိခိုက်စေသော အရေးအသားမျိုးဖော်ပြခြင်းမှ ရှောင်ကြဉ်ခြင်းဟု ပြဋ္ဌာန်းထားသည်။ 

သတင်းမီဒီယာ ဥပဒေ ပုဒ်မ-၉ (ဆ) ကို ဖောက်ဖျက်ပါက ပုဒ်မ- ၂၅ (ခ) အရ ဒဏ်ငွေ အနည်းဆုံး ကျပ်သုံးသိန်းမှ ကျပ်ဆယ်သိန်းအထိ ချမှတ်ခံရမညဖြစ်သည်။ 

လာမည့်ရုံးချိန်းကို အောက်တိုဘာလ ၁၅ ရက်ကို ပြန်လည်ချိန်းဆိုခဲ့ပြီး တရားလိုပြသက်သေများကို ပြန်လည်စစ်မေးမည်ဖြစ်သည်။ 

“တရားခံအနေနဲ့ စွဲချက်အပေါ်မှာ အပြစ်မရှိကြောင်း ထုချေပြီး ပြန်ခေါ်သက်သေအနေနဲ့ ဒေါ်အေးအေးမိုးနဲ့ ဦးအောင်ကျော်စိုးတို့ကို ပြန်ခေါ်စစ်မေးရန် လျှောက်ထားလာတဲ့အတွက် ပြန်ခေါ်သက်သေအဖြစ် ဒေါ်အေးအေးမိုးအား စစ်ဆေးရန်ဆင့်ဆိုချိန်းဆို ထားပါတယ်”ဟု ထားဝယ်မြို့နယ် တရားသူကြီး ဦးကျော်မြင့်က ပြောသည်။ 

တရားလိုပြသက်သေများကို ထပ်မံစစ်မေးရန် မေးခွန်းများ ကျန်နေသေးသည့်အတွက် ပြန်ခေါ်သက်သေအဖြစ် ပြန်ခေါ်ခြင်းဖြစ်ကြောင်း တနင်္သာရီဂျာနယ်ဘက်မှ အမှုလိုက်ပါဆောင်ရွက်နေသည့် အထက်တန်းရှေ့နေ ဒေါ်အေးမွန်သူက ဆိုသည်။ 

“တရားလိုပြသက်သေတွေကို ပြန်ခေါ်ထားတဲ့အတွက်ကြောင့် တရားလိုပြသက်သေတွေက လာပြီးတော့ ကျွန်မတို့ရဲ့ မေးခွန်းတွေကို ထပ်ပြီးတော့ ဖြေဆိုရမှာ ဖြစ်ပါတယ်”ဟု ဒေါ်အေးမွန်သူက ပြောသည်။ 
အဆိုပါအမှုတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)၊ ထားဝယ်ခရိုင် အလုပ်အမှုဆောင်အဖွဲ့ တွဲဖက်အတွင်းရေးမှူး ဒေါ်အေးအေးမိုးနှင့် တိုင်းဒေသကြီး စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးမြင့်စန်း၏ ယာဉ်မောင်းတစ်ဦးဖြစ်သည့် ဦးအောင်ကျော်စိုးတို့က တရားလိုပြသက်သေများအဖြစ် ထွက်ဆိုထားသည်။ 

ယင်းအမှုကို စွဲချက်တင်ရန် အမိန့်ချလိုက်သည့်အပေါ် ဥပဒေကြောင်းအရ အကောင်းဆုံး ခုခံချေပရန် ကြိုးစားသွားမည်ဖြစ်ကြောင်း တနင်္သာရီဂျာနယ်၏ တာဝန်ခံအယ်ဒီတာ ဦးမျိုးအောင်က ဆိုသည်။ 
မြို့နယ်တရားရုံးတွင် ၁၅ ကြိမ်မြောက် ရုံးချိန်းစစ်ဆေးပြီးချိန်တွင် အမှုပယ်ဖျက်ပေးရန် စွပ်စွဲခံရသည့် တနင်္သာရီ ဂျာနယ်ဘက်က တနင်္သာရီတိုင်းဒေသကြီး တရားလွှတ်တော်ထံလျှောက်ထားခဲ့ရာ တိုင်းတရားရုံးက ဇူလိုင်လ ၃၁ ရက်တွင် အမှုအား မပယ်ဖျက်ရန် ‘ပလပ်’ အမိန့်ချမှတ်ခဲ့သည်။ 

တိုင်းတရားလွှတ်တော်က အမှုကိုမပယ်ဖျက်ရန် ‘ပလပ်’ အမိန့်ချလိုက်သည့်အတွက် ပြည်ထောင်စု တရားလွှတ်တော်ချုပ်ထံ ချေဖျက်ပေးရန် သြဂုတ်လ ၁၄ ရက်က ထပ်မံလျှောက်ထားခဲ့သည်။ 

နေပြည်တော်ရှိ ပြည်ထောင်စုတရားလွှတ်တော်ချုပ်တွင် မဲဆွယ်အပြုံးသရော်စာအမှုကို လက်ခံသင့်/မသင့်ကို အောက်တိုဘာလ ၂၆ ရက်နေ့တွင် ကြားနာမည်ဖြစ်ကြောင်း အထက်တန်းရှေ့နေ ဒေါ်အေးမွန်သူက ဆိုသည်။ 

တနင်္သာရီအပတ်စဉ်တွင် ဖော်ပြခဲ့သည့် ကလောင်ရှင် မူးဆေးအိုး၏ မဲဆွယ်အပြုံး ခေါင်းစဉ်ဖြင့် ရေးသားသည့် သရော်စာသည် ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့၏ ဂုဏ်သိက္ခာကို ထိခိုက်စေသည်ဟုဆိုကာ အရေးယူပေးရန်အတွက် ၂၀၁၇ ခုနှစ် နိုဝင်ဘာလတွင် တိုင်းအစိုးရအဖွဲ့ရုံးမှ ဒုတိယညွှန်ကြားရေးမှူးက ထားဝယ်မြို့နယ်တရားရုံးကို ဦးတိုက်လျှောက်ထားခဲ့သည်။ 

တနင်္သာရီ အပတ်စဉ်ဂျာနယ်သည် တနင်္သာရီတိုင်း အခြေစိုက်ဖြန့်ဝေသည့် အပတ်စဉ်ထုတ်သတင်းစာ ဖြစ်ပြီး တနင်္သာရီတိုင်းတွင် အစိုးရသစ်လက်ထက်၌ ပထမဆုံး တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။ 

Dawei Watch
The Voice


0 comments:

Post a Comment